စစ်ကောင်စီက PDFတွေကို မတွေ့တဲ့အတွက် ၉ လသားကလေးအပါ ရွာသားဆယ်ဦးခန့်ကို ဖမ်းသွား

0 1
0 1

ပဲခူး၊ သြဂုတ် ၂၁၊ ၂၀၂၂။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ PDFတွေကို မတွေ့တာကြောင့် ကိုးလသားအရွယ်အပါ ရွာသားဆယ်ဦးလောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းတောင်းမြို့နယ် ဘူးရိုးချောင်းရဲ့ လက်တက်ဖြစ်တဲ့ နီပဆေး ချောင်းရိုးတလျှောက်မှာ တောင်ယာလုပ်ကိုင်စားသောက်နေသူတွေကို သြဂုတ်လ ၁၇ ရက် နေ့လယ်လောက်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“သူတို့စစ်ကြောင်း ရောက်လာပြီးကတည်းက အမျိုးသားအမျိုးသမီး ၁၀ ဦးလောက်ကိုဖမ်းသွားတာ ၁၀ ဦးထဲကမှ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လက်ပြန်ကြိုးတုတ်ရိုက်နှက်ပြီး ထပ်ခွဲထုတ်ပြီး စစ်တယ်လို့ ကြားတယ် ၁၉ ရက်နေ့ ညနေကတော့ အဖမ်းခံရသူ အကုန်လုံးကတော့ ဘယ်ကို ခေါ်သွားမှန်းမသိဘူး စုံစမ်းမရသေးဘူး အဖမ်းခံရသူတွေက တောင်ယာလုပ်ကိုင် စားသောက်နေကြသူတွေ ဘာမှ သိတာမဟုတ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်ဖမ်းဆီးခံရသူ ၃ ဦးထဲက နှစ်ဦးဟာ ပန်းတောင်းမြို့နယ် ပိန္နဲခုံရွာက လင်မယားတွေဖြစ်ပြီး ကျန်တဦးကတော့ ကြံခင်းမြို့နယ်ဘက်က လာရောက် တောင်ယာလုပ်ကိုင်သူလို့ သိရပြီး အမျိုးသား၅ ဦးအမျိုးသမီး ၄ ဦးနဲ့ ကိုးလသားအရွယ် ကလေးငယ်တဦး တို့ဖမ်းဆီးခံထားရတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ ကပစ ၅ က အပါအဝင် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်ပြီး စစ်ကား၂ စီး အရပ်ကား တစီးနဲ့ စစ်ကြောင်းထိုးဖို့အတွက် တပ်တွေစုပေါင်းကာ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။