မုံရွာ၊ ဇွန် ၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁ ရက် နေ့လယ် ၁၁ နာရီလောက်မှာအနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army ဆီက သိရပါတယ်။
လမ်းသွားလမ်းလာ ပြည်သူကားတွေကို ဆက်ကြေးကောက်နေတဲ့အချိန် အနီးကပ် ပစ်ခတ်ရာမှာ ၂ ဦးစလုံး နေရာမှာတင် ထိမှန်သေဆုံးခဲ့တယ်လို့ The Phoenix Army တာဝန်ခံက ပြောပါတယ်။
“ပြည်သူတွေရဲ့ ကားတွေကို ပိုက်ဆံအဓမ္မကောက်နေတာ၊ ** ၂ ကောင်ကို ကျနော်တို့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ခေါင်းကိုတည့်ပြီး ရှင်းလင်းခဲ့တာ၊ ပွဲချင်းပြီး ရှေ့တင်သေတာ၊ ၂ ကောင်လုံး ခေါင်းကြီးမှန်တာ၊” လို့ The Phoenix Army တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆီက ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံးကိုသိမ်းဆည်းကာ နောက် ၅ မိနစ်အကြာမှာ အလောင်းတွေကို စစ်ကောင်စီတပ်က ကောက်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို The Phoenix Army၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၅ တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာမြို့ အထက ၁ စာသင်ကျောင်းထဲမှာ ၁ နှစ်ကျော်ကြာ တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီစစ်ကြောင်းကဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း