မန္တလေးတိုင်းက စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

မြေလတ်အသံ၊ မေ ၂၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ နွားထိုးကြီးမြို့၊ တောင်သာမြို့၊ ငါန်းဇွန်မြို့ စတဲ့မြို့နယ်တွေထဲက စစ်ကောင်စီစခန်းတွေကို မေ ၁၅ ရက်ကစပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ 9/A Nyar Myae Operation ကထုတ်ပြန်ထားပါတယ်။

မေ ၁၅ ရက်ကစပြီး မြင်းခြံမြို့နယ်၊ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစောထီးစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်၊ ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်း၊ Gas ပိုက်လိုင်း၊ မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးရွာစခန်း၊ မြို့ဝင်ဂိတ်၊ ငါန်းဇွန်မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ကို ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က စစ်သား၊ ပျူစောထီး၊ ရဲ ၅၀ ဦးကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေနတ် ၂၇ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ Jet Fighter၊ Y12၊ Mi 35 တို့နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးလည်း ရှိခဲ့ပါတယ်။

ကျောက်ပြုတ်ရွာအလယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ မြို့နယ်ပကဖ၊ တိုက်နယ် ၁ ကစေတန်တပ်ဖွဲ့၊ MB-9 တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး၊ မြို့နယ်ပကဖ က ၁ ဦး ကျဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက မေ ၁၅ ရက်တိုက်ပွဲနဲ့ ပတ်သက်ပြီး လေကြောင်းကနေဗုံးကြဲခံရတာကြောင့် ၎င်းတို့တပ်ရင်းမှ တပ်ဖွဲ့ဝင် မင်းခန့်၊ ဟိန်းပြည့်သော်၊ ဇံထွန်းသန့်၊ ဝင်းနိုင်နဲ့ ကျော်ဖြိုးနိုင်အပါ ၆ ဦး ကျဆုံးခဲ့တယ်လို့ သူရဲ့ဖေ့ဘွတ်လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့အတူ ရေးသားဖော်ပြထားပါတယ်။

တိုက်ခိုက်ပြီး‌နောက် စစ်ကောင်စီဘက်က MA 11 ၂ လက်၊ MA 13 ၃ လက်၊ G 3 ၂ လက်၊ MA 3 ၃ လက်၊ ပါရီ ၂ လက်၊ ကာဘိုင် ၁ လက်၊ လက်လုပ်အတို ၁ လက်၊ ၉ လုံး ၂ လက်၊ M 22 လက်လုပ် ၁ လက်၊ MA 1 ၈ လက်၊ MA 2 ၂ လက်၊ ကျည်ဘောက် ၄၃ ခု၊ G3 ကျည် ၅၁၁ တောင့် 5.56 mm ကျည် ၅,၀၉၄ တောင့်၊ 9 mm ကျည် ၂၆၇ တောင့်၊ 7.62 သုံးမျိုးကျည် ၂,၉၇၈ တောင့်၊ ကာဘိုင်ကျည် ၁၄၈ တောင့်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ M9 ကျည် ၄၉ လုံး၊ 60 mm ၂၈ လုံး၊ RPG အဖူး ၉ ဖူး၊ RPG ပို့ကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံး၊ နင်းမိုင်း ၂၃ လုံး၊ 8 channel jammer ၁ လုံး၊ 6 channel jammer ၁ လုံး၊ မိုင်းရှာစက် ၁ လုံး၊ ဆိုင်ကယ် ၁၅ စီး၊ ငွေကျပ် ၉၆ သိန်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှုရဲ့ စီမံကွပ်ကဲမှုနဲ့ မြင်းခြံခရိုင် Commando၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းသုံးတိုက်ခိုက်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးဝန်းကျင်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ကျေးရွာအရေအတွက်နဲ့ လူဦးရေစာရင်းကို မကောက်ယူနိုင်သေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။