အင်အား ၂၀၀ ပါစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ (ရုပ်/သံ)

0 7
0 7

စလင်း၊ မေ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပိန္နဲပင်-ငါးလင်ပန်းကျေးရွာနဲ့အနီးတဝိုက်မှာ တပ်ဖြန့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို မေ ၁၅ ရက်နဲ့ ၁၆ ရက်မှာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

စစ်ကောင်စီ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ ကတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၂၀၀ ရှိနေတဲ့အဆိုပါစစ်ကြောင်းကို မေ ၁၅ ရက်ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

“စစ်ကောင်စီစစ်ကြောင်းက ပိန္နဲပင် ငါးလင်ပန်းကျေးရွာမှာ အထိုင်ချပြီး အောက်လှိုင်းရွာတွေအထိ တပ်ဖြန့်ထားတာ၊ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြတာ၊ ကျနော်တို့က ဒရုန်းလွှတ်ပြီးတော့ 1.5 kg ၂ လုံးချတာ၊ ပိန္နဲပင်ရွာထဲက စနိုက်ပါထိုင်ထားတဲ့ အဆောက်အဦ ပေါ်ကျတယ်၊ အထိအခိုက်တော့ အတိအကျမသိရသေးပါဘူး” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် မေ ၁၆ ရက်ညနေ ၄ နာရီကျော်မှာလည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းနဲ့ မီတာ ၂၅၀ အကွာကနေ ၆၀ မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့အခြေအနေကိုကြည့်ပြီး အဆင်ပြေတဲ့နည်းနဲ့တိုက်ခိုက်ဖို့စီစဥ်ခဲ့ကာ စစ်ကောင်စီဘက်က အင်အားများတာကြောင့် မြေပြင်မတိုက်ခိုက်ဘဲ အဝေးကပစ်ခတ်မှုတွေလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

“လက်ရှိကတော့ သူတို့ရောက်လာပြီဆိုရင် ကျနော်တို့တုန့်ပြန်လို့ရတဲ့အရာ ဆောင်ရွက်လို့ရတဲ့အရာ အကုန်ဆောင်ရွက်တယ်၊ လက်ရှိကတော့ ဒရုန်းနဲ့အဆင်ပြေလို့လုပ်ကြည့်တာ၊ မြေပြင်ကနေလူနဲ့ တိုက်ခိုက်ဖို့ဆိုတာကလည်း အင်အားခက်ခဲတော့ အဝေးကနေပစ်လို့ရတဲ့လက်နက်နဲ့ပဲ စီစဉ်ပြီး ဆောင်ရွက်နေရတာ” လို့ ၎င်းက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မေ ၁၇ ရက်ဒီနေ့အထိ လက်ရှိအထိုင်ချတပ်စွဲနေတဲ့နေရာမှာ ရှိနေသေးပြီး နောက်ထပ်နေရာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း စလင်းမြို့နယ်၊ ခြင်တောင်ရွာအနီး နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။