အမျိုသား ၁ ဦးကိုသတ်ပြီး ရွာခံ ၁၄ ဦးကို စစ်ကောင်စီတပ်ကဖမ်းထား

0 6
0 6

ချောင်းဦး၊ မေ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မေ ၁၃ ရက်ည ၈ နာရီကျော်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အဲဒီထဲကအမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်မွန်ကျေးရွာအနီးရှိ မြပုလဲဂိတ်စခန်းကထွက်လာတဲ့ အင်အား ၄၀ ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကိုဝင်ရောက်လာပြီး ဒေသခံတွေကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူတွေက လိုင်းသုံးပြန်လာတာ။ အာ့အချိန် **ကားနဲ့တန်းတိုးတာ။ ဓားစာခံက အယောက် ၂၀ လောက်ပါသွားတယ်။ အဲ့ဒီထဲက အသက် ၄၀ ကျော် အသက်ကြီးတဲ့သူ ၆ ယောက်လောက်ပဲပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေတော့ စစ်မှုထမ်းထဲထည့်မယ်ယူဆရတာပဲ”လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ချောင်းဦးဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အထက်ပါအဖမ်းခံသူတွေထဲက အသက် ၂၃ နှစ်အရွယ် မျိုးခန့်ကိုကို ကိုစစ်ကောင်စီ တပ်သားတွေက နှိပ်စက်ပြီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မိသမျှကို မှောက်ခိုင်းပြီး စစ်ဆေးနေတုံး အသတ်ခံလိုက်ရတဲ့ကောင်လေးက ထွက်ပြေးတာ။ ပြန်မိသွားတော့ ဓားတွေမွှန်းတယ်။ မျက်နှာတွေရော။ ရုပ်တောင် မပီပြင်တော့ဘူး။ တော်တော်နှိပ်စက်ထားပြီးသတ်ပစ်ခဲ့တာ”လို့ အထက်ပါအမျိုးသမီးကဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၂၀ ဦးထဲက အသက် ၄၀ ကျော်အရွယ်ရှိ ၆ ဦးကို ပြန်လွှတ်ပေးကာ ၁ ဦးကိုသတ်ဖြတ်ခဲ့တာကြောင့် လက်ရှိဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ၁၄ ဦးဖြစ်ပြီး သူတို့ကိုချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးမှာထိန်းသိမ်းထားတယ်လို့ သူမကဆက်ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၄ ဦးမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားမသိရသေးဘဲ ၎င်းတို့ကို မေ ၁၅ ရက်ဒီကနေ့ထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။

ခင်မွန်ကျေးရွာမှာ အိမ်ခြေ ၁,၀၀၀ ခန့်ရှိပြီး မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးမှာရှိတာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မြပုလဲဂိတ်စခန်းနဲ့ ခင်မွန်ဘက်စုံခြံဂိတ်ကြားမှာ ရှိနေတာလည်းဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။