ခမရ ၅၉၈ တိုက်ပွဲ တပ်ထောက်ဗိုလ်ကြီး ရှိုင်းပြည့်အောင် သေဆုံး

0 20
0 20

တပ်ထောက်ဗိုလ်ကြီးအဖြစ်ခန့်အပ်ခံရလို့ CDM မဝင်ဖြစ်တော့ရာက သေဆုံးခဲ့ဟုဆို

မြေလတ်အသံ၊ မေ ၁၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့၊ ဇလုတ်ကြီးရွာအခြေစိုက် ခမရ ၅၉၈ က ဗိုလ်ကြီး ရှိုင်းပြည့်အောင် တိုက်ပွဲတွင်းသေဆုံးသွားတယ်လို့ ၎င်းမိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဗိုလ်သင်တန်းကျောင်း(ဗသက) အပတ်စဥ် ၁၂၃ ဆင်း ဗိုလ်ကြီး ရှိုင်းပြည့်အောင် ဟာ ခမရ ၅၉၈ တပ်ရင်းရဲ့ တပ်ထောက်ဗိုလ်ကြီး တာဝန်ယူထားသူဖြစ်ပြီး တပ်ရင်း သိမ်းပိုက်ခံခဲ့ရတဲ့ မေ ၈ ရက်မှာ တိုက်ပွဲကျသေဆုံးသွားတာလို့ ဆိုပါတယ်။

“ ကရင်(ဘော်စဲခို)မှာ ၈ လကျော် ငတ်ပြတ်စုတ်ပြတ် ‌ခြေထောက်မှာလည်း ကျည်ထိ၊ ဒါကိုတောင် ရှေ့ပြန်ပို့ မသေမချင်းကို ပေးဆပ်လိုက်ရတာကွာ “ လို့ ၎င်းနဲ့နီးစပ်သူတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

မကွေးတိုင်းဇာတိ ဗိုလ်ကြီး ရှိုင်းပြည့်အောင်ဟာ ၂၀၂၄ ဒီဇင်ဘာလအတွင်း CDM ဝင်ရောက်ဖို့ဆိုကာ မကွေးတိုင်းအတွင်းက တော်လှန်ရေးအင်အားစုဝင်တဦးကတဆင့် ဆက်သွယ်လာခဲ့ပေမယ့် ခမရ ၅၉၈ မှာ တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ပေးအပ်ခံရပြီးနောက် CDM မဝင်လာတော့ခြင်းဖြစ်ကြောင်း CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ တပ်ထောက်ဗိုလ်ကြီးဖြစ်တာမကြာသေးဘူး၊ ထောက်ဗက(တပ်ထောက်ဗိုလ်ကြီး) က နောက်တန်းအထိုင်လေ၊ ရှေ့တန်းမလိုက်ရတော့ဘူးဆိုတော့ (CDM) ဝင်မလာတော့တာ” လို့ ၎င်းက ဆိုပါတယ်။

ခမရ ၅၉၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းအတွင်းဝင်ရောက်ရှင်းလင်းစဥ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးရဲ့ရုပ်အလောင်းတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦး နဲ့ တပ်မိသားစုဝင် ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ငယ်မျိုးစုံ ၈၃ လက် ၊ စိန်ပြောင်းလက်နက်ကြီး ၃လက် ၊ ပွိုင့် 5 စက်သေနတ် ၁ လက် ၊ ဂျန်မာစက် ၃ လုံးနဲ့ ခဲယမ်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မေလဆန်းပိုင်းက စတင်ကာ ခမရ ၅၉၈ အခြေစိုက်တဲ့အနီးဝန်းကျင်ရှိ ညောင်ခြေထောက်၊ ကွမ်းဆိပ်ရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက် ခိုက်ခဲ့ပြီး မေ ၈ ရက်မှာ ခမရ ၅၉၈ ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။