ဗန်းမောက်မှာ တိုက်ပွဲဖြစ်ပြီး SNA ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ

0 4
0 4

ဗန်းမောက်၊ မေ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော်-SNA နဲ့ စစ်ကောင်စီပူးပေါင်း အဖွဲ့တို့ မေ ၆ ရက်မနက် ၈ နာရီကျော်မှာတိုက်ပွဲဖြစ်ခဲ့ရာ SNA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကသာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ပါ SNA နဲ့စစ်ကောင်စီ ပူးပေါင်း အဖွဲ့တွေဟာ တပ်ရင်း ၄ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နားယကာနဲ့ စက်တောကျေးရွာကြားကို ဝင်ရောက်လာခဲ့ချိန် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးမူက မျက်မြင်ပေါ့။ အလောင်းကိုတော့သူတို့ဆွဲသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ဗန်းမောက်နဲ့ ၁ မိုင်လောက်ပဲရှိမယ်”လို့ ကသာခရိုင်အမှတ် ၄ တပ်ရင်းနဲ့ နီးစပ်သူအမျိုးသားတဦးက ပြောပါတယ်။

အရှင်ဖမ်းမိသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ SNA တပ်ဖွဲ့ဝင်အမျိုးသားဖြစ်ပြီး လက်ရှိမှာ သူ့ကို စစ်ဆေးမေးမြန်းပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ အထက်ပါအမျိုးသားကဆိုပါတယ်။

တိုက်ပွဲအတွင်း ကသာခရိုင်အမှတ် ၄ တပ်ရင်းမှတပ်ဖွဲ့ဝင် ၂ ဦးလည်း လက်မောင်းကျည်ရှပ် ထိဒဏ်ရာတွေရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် SNA နဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ သေဆုံးရုပ်အလောင်းတွေကို သယ်ဆောင်ကာ ဗန်းမောက်မြို့ပေါ် ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို သူကဆက်ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေဘက်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်ကလည်း ဗန်းမောက်မြို့နယ်ရှိ ကဒူးအမျိုးသားစာပေညီလာခံ ကျင်းပရာခန်းမနဲ့ စာသင်ကျောင်းဆောင်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အဆောင်အဦ တချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။