စလင်း၊ ဧပြီ ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးရဲ့အလောင်းကို ဧပြီ ၁၉ ရက်ဒီမနက်ပိုင်းမှာတွေ့ရှိခဲ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းကို စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်နဲ့ သစ်ခေါက်တောင်ရွာ အကြားမှာတွေ့ရှိခဲ့ပြီး အဲ့ဒီနေရာမှာတင်မီးသင်္ဂြိုဟ်ပေးခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့က လင်းဇင်းတိုက်နယ်နဲ့ သစ်ခေါက်တောင်ရွာ ကြားထဲကတောထဲမှာ မိုင်းခင်းထားတာ၊ အဲ့ဒီမိုင်းကွင်းအတွင်းမှာ တွေ့ခဲ့ရတာ၊ မိုင်းကွဲတဲ့နေရာက ဖုန်း ၁ လုံး ကျနော်တို့တွေ့ရှိခဲ့တယ်၊”လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။
အလောင်းနဲ့အတူတွေ့ရှိတဲ့ ဖုန်းကိုစစ်ဆေးကြည့်ပြီး အဆိုပါစစ်ကောင်စီတပ်သားဟာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ ကဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းတွေကိုတွေ့ရှိချိန်မှာ ခြေထောက်နဲ့ လက် ၁ ဖက်စီပြတ်ထွက်နေပြီး ပြီးခဲ့တဲ့ဧပြီ ၁၄ ရက်လောက်က မိုင်းထိသေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ တပ် စစ်ကြောင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတဦးကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါသေးတယ်။
စာတည်း – လင်း