ကင်မွန်းတော်ရွာ ပျူစောထီးကင်းစခန်းတိုက်ခိုက်ခံရ (ရုပ်/သံ)

0 5
0 5

ချောင်းဦး၊ ဧပြီ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာက ပျူစောထီးကင်းစခန်းကို ဧပြီ ၁၉ ရက် ဒီမနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army ဆီကသိရပါတယ်။

ချောင်းဦးမြို့နဲ့ ၁ မိုင်အကွာရှိ ကင်မွန်းတော်ရွာအနောက်ဘက်အထွက်က အင်အား ၈ ဦးဝန်းကျင်ရှိတဲ့ ပျူစောထီးကင်းစခန်းကို မနက် ၈ နာရီ ၅၀ မိနစ်ကစတင်ပြီး ၁ နာရီအကြာတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ သွားတိုက်ခဲ့တာက ကင်မွန်းတော်ပျူရွာကိုပါ၊ ကင်းထုတ်ထားတဲ့စခန်းကို တိုက်ခိုက်ခဲ့တာ၊ အင်အားနည်းနေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ သူတို့ဘက်က အထိအခိုက်တော့ရှိတယ်၊ အသေအဆုံးကတော့ မသိရဘူး၊ တိုက်ပွဲကတော့ မီတာ ၁၅၀ လောက်မှာ ဖြစ်ပွားခဲ့တာ”လို့ The Phoenix Army တာဝန်ခံက ပြောပါတယ်။

အဲ့ဒီကင်းစခန်းဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းကဖွင့်ထားတာဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေပေါင်းကာ အလှည့်ကျကင်းစောင့်နေကြတာလို့ ဆိုပါတယ်။

ကင်မွန်းတော်ရွာဟာ တောပု၊ ကံကြီးကုန်းစတဲ့ကျေးရွာတွေထပ် ပျူစောထီးအားကောင်းတဲ့ ကျေးရွာတရွာဖြစ်ပြီး လက်ရှိမှာစစ်ကောင်စီဘက်က အင်အား ၃၀ လောက်ထပ်တိုးထားတယ်လို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကိုတော့ The Phoenix Army၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၅ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက စစ်ကောင်စီဂိတ်ကို The Phoenix Army အဖွဲ့က အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။