မြန်မာပြည်အလယ်ပိုင်းက လူပေါင်း ၂,၆၀၀ ငလျင်ကြောင့်သေဆုံး

မြေလတ်အသံ၊ ဧပြီ ၅၊ ၂၀၂၅။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိ ပြင်းအားမြင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းအပါအဝင် နိုင်ငံတဝန်း သေဆုံးသူ ၃,၁၀၀ ကျော်၊ ဒဏ်ရာရသူ ၄,၅၈၉ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဧပြီ ၃ ရက်ကထုတ်ပြန်တဲ့ Data For Myanmar ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒီအရေအတွက်ဟာ ဧပြီ ၃ ရက်အထိ ကောက်ယူစုစည်းထားတဲ့အချက်အလက်ဖြစ်ပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက သေဆုံးသူ ၄၇၇ ဦး၊ ဒဏ်ရာရသူ ၇၁၈၊ မန္တလေးတိုင်းမှာ သေဆုံးသူ ၂,၀၇၉ ဦး၊ ဒဏ်ရာရသူ ၂,၆၉၁၊ ပဲခူးတိုင်းမှာ ၄၄ ဦး၊ ဒဏ်ရာရသူ ၂၃၄၊ ရှမ်းပြည်နယ်မှာ ၆၆ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးနဲ့ နေပြည်တော်မှာ သေဆုံးသူ ၅၅၁ ဦး၊ ဒဏ်ရာရသူ ၈၄၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စာရင်းကောက်ယူနိုင်မှုအားနည်းပြီး လက်လှမ်းမီသလောက်စုစည်းနေရတဲ့အတွက်ကြောင့် သေဆုံးသူအရေအတွက်ဟာ ခုအစီရင်ခံစာမှာပါရှိတာထက် မြေပြင်မှာပိုများနိုင်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတဦးကပြောပါတယ်။

“စကစမှာလည်း ဖရိုဖရဲတွေပေါ့ စနစ်တကျစာရင်းကောက်နိုင်တာမရှိဘူး။ မရှိတဲ့အခါကျတော့ လက်လှမ်းမီသလောက် စုစည်းထားတဲ့အခြေအနေတွေပဲဖြစ်တယ်။ မြေပြင်အခြေအနေအမှန်မှာက ဒီထက်ပိုပြီးများနိုင်တယ်”လို့ သူကပြောပါတယ်။

လက်ရှိအချိန်ထိလည်း ဆက်လက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေလည်းတိုးလာဖွယ်ရှိတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။

ပုံစာ – ငလျင်ကြောင့်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့မှအဆောက်အဦတချို့။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။