မြိုင်၊ အောက်တိုဘာ ၂၄၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းကျေးရွာတွေ ၂ ရက်ဆက် ဗုံးကြဲခဲရပြီး ၄ ဦးသေ ၁၀ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခန့်မှာ ကျောက်ခွက်ကျေးရွာကို စစ်တပ်က စက်တပ်လေထီး ၃ စီး၊ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၆ လုံးကြဲချခဲ့တဲ့အပြင် အောက်တိုဘာ ၂၄ ရက်မနက် ၁၀ နာရီခန့်မှာလည်း စက်တပ်လေထီး ၃ စီးနဲ့ တောင်ရိုးကျေးရွာကို ဗုံး ၃ လုံးထပ်မံကြဲချသွားတယ်လို့ ဆိုပါတယ်။
“ကျောက်ခွက်က ရွာထဲမဟုတ်ဘဲ တောတိုက်ထဲကျတာမှာ ကလေးတယောက်က ခြေပြတ်လက်ပြတ် သေတယ်။ ဒဏ်ရာရသူတွေလည်းများတယ်။ ဒီမနက်ကျ တောင်ရိုးရွာထဲ လာကြဲသွားတာ။ အိမ်ပေါ်ကျပြီး သေတာရှိတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း ကျောက်ခွက်ကျေးရွာက အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၃၀ ကနေ ၆၀ကြား အမျိုးသား အမျိုးသမီး ၇ ဦးဒဏ်ရာရခဲ့ပါတယ်။

တောင်ရိုးကျေးရွာမှာတော့ အသက် ၆၀ အရွယ် အမျိုးသား၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး၊ အသက် ၄၀ အရွယ် အမျိုးသားတို့ နေရာမှာတင်သေဆုံးပြီး ၁၁ လအရွယ် ကနေ ၅ နှစ်ကြားကလေးငယ် ၃ ဦးလည်း ပြင်းထန်ဒဏ်ရာရသွားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေက နယ်မြေဆက်သွယ်ရေးအခြေနေကြောင့် အမျိုးသား၊ အမျိုးသမီး အရေအတွက် ခွဲခြားသိနိုင်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ နဂါးဗွက်ရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲခံရပြီး လူထိခိုက်မရှိပေမယ့် နေအိမ်၃ လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲနေသလို ကမ္မဘက်ကနေလာတဲ့ အင်အား ၃၅၀ ခန့်ကလည်း အောက်တိုဘာ ၁၉ ရက်မှာ မြိုင်နယ်၊ တွင်းမပျူရွာမှာ ရောက်နေတာကြောင့် သာစည်၊ နှမ်းဆီကန်၊ မြေရင့်၊ မြဇီးတော၊ အိုရင်း၊ သစ်ပုလွေကုန်းရွာတွေက ပြည်သူ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေကြရသလို စစ်ကြောင်းက ယနေ့အထိ တွင်းမကျေးရွာအနီးတဝိုက်မှာ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။