ပေါင်းတည်၊ အောက်တိုဘာ ၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က သက်တမ်းရင့်ကုက္ကိုပင်ကြီးတွေကို ခုတ်လှဲရောင်းစားတဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပါဝင်သူကိုတွေကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါင်းတည် – တာပွန်လမ်းပေါ်ရှိ ကြို့ပင်အုပ်စုနဲ့ ပျဉ်ပုံအုပ်စုအတွင်းက သက်တမ်းရင့်ကုက္ကိုပင်ကြီး ၁ ဒါဇင်ထက်မနည်းကို စက်တင်ဘာတတိယပတ်ကစပြီး ခုတ်လှဲရောင်းစားတဲ့အတွက် ဦးဆောင်သူဒုမြို့နယ်အုပ်ချုပ်ရေးမှူး အာကာစိုး သစ်ပင်ခုတ်လှဲရောင်းချပေးသူ ဝင်းဇော်ဦး အပါ ပူးပေါင်းပါဝင်သူ ၁ ဒါဇင်ကျော်ကို အောက်တိုဘာ ၃ ရက်ညသန်းခေါင်လောက်မှာ နေအိမ်တွေကဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ခရိုင်ရဲကဆင်းဖမ်းတာ စုစုပေါင်း ၁၄ ဦးဖမ်းတာလို့ ကြားတယ်။ လျှပ်စစ်ဝန်ထမ်းလည်း သစ်ပင်တွေကိုခုတ်လှဲတဲ့အလုပ်နဲ့ အသက်မွေးနေတဲ့သူတွေလည်း အဖမ်းခံရတဲ့အထဲပါတယ် မှတ်တိုင်မှာ တာဝန်ကျတဲ့ ကပစဗိုလ်ကြီးတဦးပါတယ်လို့လည်း ကြားတယ် ဘယ်လိုပုဒ်မတွေနဲ့အမှုဖွင့်လည်းတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
သစ်ပင်ခုတ်လှဲရောင်းစားရာမှာ ဦးဆောင်တဲ့ အာကာစိုးကို ပဲခူးမှာဖမ်းဆီးစစ်ဆေးနေပြီး ကပစဗိုလ်ကြီးဆိုသူကိုလည်း ပြည်ဒကစမှာဖမ်းဆီးထားကြောင်းနဲ့ ကျန်သူတွေကို ပေါင်းတည်ရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။
သစ်ပင်ခုတ်လှဲရာမှာ အနီးကပ်ကြီးကြပ်ပေးတဲ့ ပျဉ်ပုံအုပ်စုအုပ်ချုပ်ရေးမှူး ကျားကြီး(ခ)သိန်းထွန်းကတော့ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
“အာကာစိုးကလည်း သစ်ပင်ခုတ်တဲ့နေရာအထိ အိမ်စီးကားအဖြူနဲ့လာကြည့်တယ် ကျားကြီးကအနီးကပ်ကြီးကြပ်ပေးတာ။ ကျားကြီးကပြောသေးတယ် နိုင်ငံခြားကိုပို့မယ့်သစ်တွေဆိုပြီး လာသမျှလူပြောနေတာ အခုကျားကြီးအဖမ်းမခံရသေးဘူး”လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
လက်ရှိတွင်ခုတ်လှဲထားပြီး သယ်ယူခြင်းမပြုရသေးတဲ့ ကုက္ကိုပင်ကြီးအချို့ ပျဉ်ပုံအုပ်စုအတွင်းကျန်ရှိနေသလို ကုက္ကိုပင်ဖြတ်ပိုင်းကြီးတွေကို တင်ထားတဲ့ ကားကြီးတွေဟာ ပေါင်းတည်မြို့က သစ်တောရုံးရှေ့မှာ ရပ်ထားတာကို အောက်တိုဘာ ၅ ရက် ဒီနေ့အထိတွေ့ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေဟာ နိုင်ငံပိုင်လမ်းဘေးဝဲယာမှာ စိုက်ပျိုးထားတဲ့သစ်မာအမျိုးအစားသစ်ပင်တွေထဲက အသုံးဝင်ပြီးအဖိုးတန်တဲ့သစ်ပင်တွေကို အလင်းဖွင့်သည်ဆိုကာ ခုတ်လှဲရောင်းချတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ အဲဒီရုံးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
သတင်း – သော်တာအောင်