စစ်ကိုင်း၊ အောက်တိုဘာ ၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး စစ်ကိုင်း-မုံရွာလမ်းပိုင်းပေါ်မှာ ရပ်ထားတဲ့ကားကို ဟိုက်ဂျက်ကားက ဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့ ခရီးသည် ၁၀ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတွေထံက သိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မနက် ၉ နာရီခန့်က ကံတလူတိုးဂိတ်အနီးမှာ မုံရွာဘက်ကိုဦးတည်ပြီးရပ်ထားတဲ့ ၆ ဘီး ဘောက်ကား(ကွန်တိန်နာ)ကို ဟိုက်ဂျက်ယာဥ်က ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဘရိတ်ပေါက်ပြီး ဝင်တိုက်တာလို့တော့ သိရတယ်။ ဟိုက်ဂျက်က ဝင်တိုက်တာ။ လာတိုက်တဲ့ကားက မုံရွာဘက်ကနေလာတာ။ သေတဲ့လူတွေက မြောင်ဘက်ကလို့တော့သိရတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားနဲ့ လိုက်ပါလာသူ ၁၃ ဦးအနက် အသက် ၂၅ ကနေ ၇၀ ကြားရှိ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦးဟာ နေရာမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်အမျိုးသားနဲ့ အမျိုးသမီး ၃ ဦးကတော့ ပြင်းထန်ဒဏ်ရာရသွားပြီး သေဆုံးထိခိုက်သူတွေကို ဒေသခံ လူမှုကူညီရေးအသင်းတွေက စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားကာ ထိခိုက်သူတွေကိုတော့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။