နတ်တလင်း၊ အောက်တိုဘာ ၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သီရိမြိုင်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့ပြီး ဒရုန်းနဲ့ဗုံးကြဲနေလို့ ပြည်သူ ၂ ဦးသေဆုံးထားပြီး ၂၀ ကျော်ဒဏ်ရာရထားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာလ ၃၀ ရက် မနေ့ညနေ ၃ နာရီကျော်ခန့်က နတ်တလင်းကနေ အင်အား ၄၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ တောင်ညိုကွက်သစ်၊ ကျောက်ခွက်ကျေးရွာတို့ကို ရောက်ရှိလာပြီး သီရီမြိုင်ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်သလို ဒရုန်းတွေနဲ့လည်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
“မျှောတော်တောင်ပေါ်ကနေ ဒရုန်းတွေ အသွားအပြန်ချတာရှိတယ်။ ကာမီကာဇေကော ဒီအတိုင်း ဗုံးချတာတွေလည်းပါတယ်။ ၅ စီးထက်မနည်း ရှိတယ်။ နှစ်မျိုးစလုံးသုံးတယ်။ ရွာသားတွေကတော့ တော်တော်များများ ပြေးကုန်ပြီ။ ဒီမနက်တော့ ရွာကို မီးတို့နေတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးချခဲ့လို့ အသက် ၁၃ နှစ်အရွယ် ယောက်ျာလေး ၁ ဦးနဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၂၀ ကျော် ဒဏ်ရာရထားကြောင်းနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မနက် ၉ နာရီခန့်မှာတော့ အဆိုပါစစ်ကြောင်းဟာ သီရိမြိုင်ကျေးရွာထဲကို စစ်ကြောင်းထိုးလာပြီးနောက် နေအိမ်တွေကို မီးရှို့နေကာ အနည်းဆုံး ၁၀ လုံးထက်မနည်း ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ အဲဒီစစ်ကြောင်းဟာ ကျေးရွာထဲ ရှိနေသေးသလို လက်နက်ကြီးတွေပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်နေသေးတာကြောင့် သီရီမြိုင်၊ ဆီဆုံကုန်း၊ တောင်ညိုကွက်သစ်၊ ရွာသာယာ၊ အောင်မြင်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ ညောင်လှ၊ ကွင်းစမ်းနဲ့ ရွာသာယာကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့လို့ နေအိမ် ၃၁ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။