⁨ပြည်ခရိုင်ထဲက စစ်တပ်သတင်းပေးဆိုသူ ၃ ဦးကို အကြိမ်ကြိမ် သတိပေးပြီးမှ ရှင်းလင်းခဲ့ရကြောင်း PPDF ထုတ်ပြန်

0 1
0 1

ပေါင်းတည်၊ စက်တင်ဘာ ၂၈၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ သဲကုန်းမြို့နယ်တွေက အာဏာသိမ်းစစ်တပ်ကို သတင်းပေးနေသူ ၃ ဦးကို ၁ လအတွင်း ရှင်းလင်းခဲ့တယ်လို့ ဒီကနေ့ရက်စွဲနဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ည ၈ နာရီခန့်က ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ရွာအနီး စမ်းကြီးရွာက အသက် ၃ဝ ဝန်းကျင် လွင်မိုးအောင် ဆိုသူ ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ပိုင်းမှာတော့ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု ကြည်ရွာက အသက် ၅၀ နှစ်ကျော်အရွယ် အေးကို ဆိုသူနဲ့ စက်တင်ဘာ ၄ ရက် ည ၇ နာရီခွဲခန့်မှာတော့ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်အုပ်စု မှန်ပြင်ကျောတဲတိုက်ရွာက အသက် ၄၀ ခန့် ဌက်ကြီးဆိုသူတို့ကို ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

“သူတို့ကို ကျနော်တို့က စကစဆီကို မဆက်သွယ် သတင်းမပေးဖို့ ကြိုတင်သတိပေးတယ်။ ပြောထားရင် သူတို့က ခဏပဲ ရှောင်နေတယ် ပြီးပြန်လုပ်တယ်။ ဒါကြောင့် မဖြစ်မနေရှင်လင်းလိုက်ရတာ” လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်က ပြောပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းက ၂ ဦးဖြစ်တဲ့ စမ်းကြီးရွာက လွင်မိုးအောင်ကို စက်တင်ဘာ ၂၄ ရက်နေ့ညက သူ့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်သလို၊ မှန်ပြင်ကျောတဲတိုက်ရွာက ဌက်ကြီးကိုတော့ သူရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး၊ သဲကုန်းမြို့နယ် ကြည်ရွာက အေးကို ဆိုသူကိုတော့ ရှေ့တန်းမိုင်းကွင်းတွေကို စုံစမ်းပြီး ပြန်လာချိန် စက်တင်ဘာ ၄ ရက်နေ့ညက သူရွာအနီးမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

သူတို့ ၃ ဦးကို ပြည်ခရိုင်တပ်ရင်း ၁ တပ်ခွဲ ၁ ကနဲ့ ပြည်ခရိုင်တပ်ရင်း ၁ တပ်ခွဲ ၄ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၃ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ပို့လုပ်ငန်းတွေ၊ သတင်းအချက်အလက်တွေနဲ့ မြေပြင်လှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်တပ်ဆီကို ပေးပို့ကာ PDF တွေထောင်ထားတဲ့ မိုင်းတွေကိုလည်း စစ်တပ်ကို လိုက်လံပြသကာ စစ်တပ်စစ်ကြောင်းထိုးရမယ့် နေရာတွေကိုလည်း လိုက်လံပို့ဆောင်ပေးနေသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေအတွင်းမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က သစ်ချိုပင်အုပ်စုထဲက သဲကျဲကြီးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းနဲ့ ကန်စုရွာက စစ်တပ်သတင်းပေး မှုခင်းရှုထောင့် သတင်းထောက် မျိုးချစ်ကို ဆိုသူတို့ကို စက်တင်ဘာ ၁၀ ရက်နေ့က ပစ်ခတ်ရှင်းလင်း ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။