ဆားလင်းကြီး၊ ဩဂုတ် ၁၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာနှစ်စီးက ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချပြီး၊ ရောကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရေခါးရွာထိပ် ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားကို ကြဲသွားတာ။ ကျောင်းလည်း ပျက်စီးတယ်။ လူကမိန်းကလေးတွေကြီး သေတာ။ လယ်တီကျေးရွာက တယောက်ပါတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း ရေခါးကျေးရွာနဲ့ လယ်တီကျေးရွာက အသက် ၃၀ ကနေ ၄၀ ကြားရှိ အမျိုးသမီး ၂ ဦးနေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ နေအိမ် ၅ လုံး၊ နွားနှစ်ကောင် သေဆုံးခဲ့ပြီး ဒေသခံပြည်သူတွေကတော့ ရွာကနေ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ညောင်ကြီးတောနဲ့ ကူကောင်းကျေးရွာတို့ လေကြောင်းတိုက်ခိုက်ခံရပြီး ကူကောင်းကျေးရွာက နေအိမ်ထဲနေနေတဲ့ သက်ကြီး အမျိုးသမီးတဦး ရောကတ်ထိမှန်လို့ သေဆုံးတယ်လို့ သိရပါတယ်။