⁩ ⁨ကျောက်ပန်းတောင်းက ကျေးရွာတွေကို စစ်အုပ်စု လိုက်လံမီးရှို့လို့ နေအိမ် ၆၀ ကျော်ပျက်ဆီး

0 1
0 1

■ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မိုးရေထဲမှာ ထွက်ပြေးနေရ

ကျောက်ပန်းတောင်း၊ ဩဂုတ် ၁၅၊ ၂၀၂၆။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်အုပ်စုက ပြည်သူ့တွေရဲ့ နေအိမ်တွေကို လိုက်လံမီးရှို့နေလို့ အိမ်ခြေ ၆၀ ကျော်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ပန်းတောင်း – မြင်းခြံလမ်းပေါ်က သီးကုန်းရွာနဲ့ သုံးအိမ်ကုန်းရွာတွေက နေအိမ်တွေကို ဩဂုတ်လ ၁၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – ကျောက်ပန်းတောင်းနယ်မှ မီးရိူ့ခံရသည့်ကျေးရွာတရွာနှင့် စစ်ရှောင်အချို့။

“သီးကုန်းရွာ အိမ်ခြေ ၃၀ လောက်၊ သုံးအိမ်ကုန်း ၁၇ အိမ်နဲ့ အရင်နေ့က ကူလည်(ရွာ)က ၁ အိမ်နဲ့ ချောင်းခြားရွာက နေအိမ် ၂ လုံးကိုလည်း မီးရှို့သွားခဲ့ပါတယ်။ စစ်တပ်က မနေ့က သီးကုန်းကနေ ၂ မိုင်ကျော်လောက်ဝေးတဲ့ ဒီးဒုတ်ကုန်းရွာမှာ စခန်းချပြီး ဒီမနက် ဒီးဒုတ်ကုန်းရွာကို မီးဆက်ရှို့ပါတယ်။ မီးလောင်ပျက်စီးသတင်းတော့ အသေးစိတ်မသိရသေးဘူး။ တိုက်ပွဲရှိလို့ မဟုတ်ပဲ ရှို့ချင်လို့ကို ရှို့နေတာ PDF နဲ့ ပြည်သူကို သွေးခွဲတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အုပ်စုဟာ အင်အား ၇၀၀ ဦးလောက်နဲ့ မီးရှို့ရာမှာ ရွာလုံးကျွတ်မီးရိူ့တာမဟုတ်ပဲ ကျပ်သိန်းရာကျော်တန်အိမ်တွေနဲ့ ထောင်ဂဏန်းတန်တဲ့ နေအိမ်တွေကို တမင်ရွေးချယ်မီးရှို့တာဖြစ်ပြီး စိတ်ဓါတ်စစ်ဆင်ရေး ဖြစ်နိုင်တယ်လို့ ယူဆကြောင်း သူကဆက်ပြောပါတယ်။

ပုံစာ – ကျောက်ပန်းတောင်းနယ်မှ မီးရိူ့ခံရသည့်ကျေးရွာတရွာနှင့် စစ်ရှောင်အချို့။
ပုံစာ – ကျောက်ပန်းတောင်းနယ်မှ မီးရိူ့ခံရသည့်ကျေးရွာတရွာနှင့် စစ်ရှောင်အချို့။

ကျေးရွာတွေကိုမီးလိုက်ရှို့စဉ် လွတ်ရာကို ထွက်ပြေးခဲ့လို့ ကားမှောက်ပြီး ဒေသခံ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကြားသိရပြီး အသေးစိတ်ကို မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်စဉ် အဲဒီစစ်အုပ်စုဟာ ဒေသခံတွေရဲ့ ကြက်၊ ဝက်နဲ့ နွားတွေကိုလည်း ဖမ်းဆီးခိုးယူသွားလို့ ဒေသခံတွေက ပြောပါတယ်။

“မီးရိူ့တာက မိတ္ထီလာတပ်ကလို့ပဲ သိထားပါတယ်။ ဘယ်နှစ်အိမ်ရိူ့တယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး” လို့ ဒေသခံ ပြည်သူ့အကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ – ကျောက်ပန်းတောင်းနယ်မှ မီးရိူ့ခံရသည့်ကျေးရွာတရွာနှင့် စစ်ရှောင်အချို့။
ပုံစာ – ကျောက်ပန်းတောင်းနယ်မှ မီးရိူ့ခံရသည့်ကျေးရွာတရွာနှင့် စစ်ရှောင်အချို့။

မီးရိူ့ခံရပြီး စစ်ရှောင်နေရတဲ့အတွက်လက်ရှိမှာ စားသောက်နေထိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူညီတွေလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ကလည်း စစ်အုပ်စုဟာ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူရွာ၊ ကြီးကန်ရွာနဲ့ ကြို့ပင်သာရွာတို့ကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ စိတ္တိန်း(မြောက်) ရွာကိုလည်း မီးရှို့ခဲ့တဲ့အတွက် နွားစာတိုက်အပါ နေအိမ်အလုံး ၂၀ လောက် ပျက်စီးခဲ့တယ်လို့ မလှိုင် အခြေစိုက် လူထုသတင်းကွန်ယက်မှာ ဖော်ပြထားပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။