⁨⁩ ⁨ဂျက်ဖိုက်တာနဲ့ စာသင်ကျောင်းကို ဗုံးကြဲသွားလို့ ကျောင်းပျက်စီးပြီး နွား ၁၃ ကောင်သေ

0 3
0 3

ဝက်လက်၊ ဩဂုတ် ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားတိုက်နယ်၊ ကမ်းဖြူကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရလို့ စာသင်ကျောင်းပျက်စီးကာ နွား ၁၃ ကောင်သေသွားတယ်လို့ တိုက်နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ည ၁၁ နာရီကျော်ခန့်က ကမ်းဖြူနဲ့ ကျွန်းပင်ကျေးရွာကြားရှိ အ.မ.က ကမ်းဖြူစာသင်ကျောင်းဝင်းထဲကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးတလုံးကြဲချသွားခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပျက်စီးသွားတဲ့ ကမ်းဖြူကျေးရွာ စာသင်ကျောင်းနဲ့ နွားများ

“ပြည်သူ့နေအိမ်တွေနဲ့တော့ နည်းနည်းဝေးတယ်။ ကျောင်းပေါ်တည့်တည့်ကျတာ မဟုတ်ပေမယ့် ပေါက်ကွဲအားနဲ့ ပွင့်ထွက်ကုန်တာ။ စာသင်ကျောင်းကပိတ်ထားတာ ကြာပြီး။ နွားတွေက ကျောင်းနားမှာ လှန်ထားတာ”လို့ ရှိန်းမကားတိုက်နယ် ပကဖတာဝန်ခံက ပြောပါတယ်။

လေယာဥ်ဗုံးကျလို့ ပြည်သူထိခိုက်မရှိပေမယ့် စာသင်ကျောင်းဆောင် ၂ ဆောင်၊ လူနေအိမ် ၃ လုံး ပျက်စီးခဲ့သလို နွား ၁၃ ကောင်လည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပျက်စီးသွားတဲ့ ကမ်းဖြူကျေးရွာ စာသင်ကျောင်းနဲ့ နွားများ

ဗုံးကြဲခံရပြီးနောက် ကျေးရွာနှစ်ရွာက ဒေသခံတွေက နောက်ထပ်ဗုံးလာကြဲမှာကို စိုးရိမ်နေကြပေမယ့် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်တပ်က လေကြောင်းကနေ ကြဲချတဲ့ ဗုံးသီးထိမှန်လို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။