ဝက်လက်၊ ဩဂုတ် ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားတိုက်နယ်၊ ကမ်းဖြူကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရလို့ စာသင်ကျောင်းပျက်စီးကာ နွား ၁၃ ကောင်သေသွားတယ်လို့ တိုက်နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ည ၁၁ နာရီကျော်ခန့်က ကမ်းဖြူနဲ့ ကျွန်းပင်ကျေးရွာကြားရှိ အ.မ.က ကမ်းဖြူစာသင်ကျောင်းဝင်းထဲကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးတလုံးကြဲချသွားခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူ့နေအိမ်တွေနဲ့တော့ နည်းနည်းဝေးတယ်။ ကျောင်းပေါ်တည့်တည့်ကျတာ မဟုတ်ပေမယ့် ပေါက်ကွဲအားနဲ့ ပွင့်ထွက်ကုန်တာ။ စာသင်ကျောင်းကပိတ်ထားတာ ကြာပြီး။ နွားတွေက ကျောင်းနားမှာ လှန်ထားတာ”လို့ ရှိန်းမကားတိုက်နယ် ပကဖတာဝန်ခံက ပြောပါတယ်။
လေယာဥ်ဗုံးကျလို့ ပြည်သူထိခိုက်မရှိပေမယ့် စာသင်ကျောင်းဆောင် ၂ ဆောင်၊ လူနေအိမ် ၃ လုံး ပျက်စီးခဲ့သလို နွား ၁၃ ကောင်လည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲခံရပြီးနောက် ကျေးရွာနှစ်ရွာက ဒေသခံတွေက နောက်ထပ်ဗုံးလာကြဲမှာကို စိုးရိမ်နေကြပေမယ့် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်တပ်က လေကြောင်းကနေ ကြဲချတဲ့ ဗုံးသီးထိမှန်လို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။