အောင်လံ၊ ဇူလိုင် ၃၊ ၂၀၂၆
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဘုရားတောင်ဗွေကျေးရွာအနီး ပြည်-မကွေးကားလမ်းမှာ သရက်ခရိုင်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ခရိုင်ရဲမှူးဒဏ်ရာရကာ၊ မြို့နယ်ဦးစီးမှူး ၁ ဦးနဲ့ ရဲ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အောင်လံကနေ ဆင်ပေါင်ဝဲဘက်ကို သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်လိုက်ပါလာတဲ့ ကား ၄ စီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“တော်လှန်ရေးအဖွဲ့တွေက ဘုရားတောင်ဗွေနားမှာ တိုက်ပွဲဖော်ဆောင်တာပါ။ ပွင်းလင်းပြောရရင် ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်တာပါ။ ကြားညှပ်တာမဟုတ်ဘူး။ သူတို့က တူတူလာကြတာ။ ရဲတပ်ဖွဲ့ပါတဲ့ယာဥ်တန်းပါ။”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်းမှာ ဆင်ပေါင်ဝဲမြို့နယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်ဇေယျနဲ့ ရဲတပ်ကြပ်ကြီးတဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်အပါအဝင် ယာဥ်တန်းနဲ့ပါလာသူ ၅ ဦးခန့် ဒဏ်ရာရတာရှိတယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကိုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေဘက်ကတော့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းအထိ သတင်းတစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့အဖွဲ့တာဝန်ရှိသူတွေထံ မြေလတ်အသံက ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ချောက်မြို့ကြားမှာ ဂွေးပင်ရဲစခန်းမှူး လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရပြီး စခန်းမှူးသေဆုံးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သရက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်နိုင် (MOI)