နတ်မောက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၂ ဦးအပါ ၅ ဦးသေဆုံး

0 0
0 0

နတ်မောက်၊ ဇွန် ၂၆၊ ၂၀၂၆။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမုန်းကုန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲ၊ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ဦးသေဆုံးတယ်လို့ နတ်မောက်မြို့နယ် ပကဖတာဝန်ရှိသူတွေဆီ သိရပါတယ်။

ဇွန် ၂၅ ရက်ညနေ ၄ နာရီကျော်မှာ ရွာထဲကို စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၂ စီးကနေ ဗုံး ၄ လုံးကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာလယ်ပေ ၅၀ လမ်းရဲ့တဖက်က နေအိမ်တွေနားရယ် ရွာမြောက်ဘက်ခြမ်းက လူနေအိမ်ကြားတွေထဲကို ကျတာ။ တိုက်ပွဲတွေဖြစ်နေတာမျိုးလည်းမရှိဘူး”လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၃၃ နှစ်အရွယ်မသန်းသန်းမော်၊ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်အောင်ဘုန်းခန့်၊ အသက် ၈ နှစ်အရွယ် ညီဘုန်းခန့်၊ အသက် ၃၉ နှစ်အရွယ် ကိုချစ်ဦး၊ အသက် ၆၉ နှစ်အရွယ် ဒေါ်ရီသက်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၁၀ အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၃၀ ကနေ ၄၀ ကြားရှိ အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးလည်း ပျက်စီးသွားတယ်လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် ရွာခံအချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြရတယ်လို့ ဆိုပါတယ်။

မတ် ၁ ရက်ကလည်း မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ပြည်သူ ၂၅ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။