အမြန်လမ်းမှာ ခရီးသည်တင်ယာဥ် ၂ စီး တိုက်မိပြီး ၃ ဦးသေဆုံး

0 0
0 0

ဖြူး၊ ဇွန် ၂၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ရပ်ထားတဲ့ ခရီးသည်တင်ကားကို နောက်ထပ်ခရီးသည်တင်ကားတစီးက ဝင်တိုက်ရာ ၃ ဦးသေတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇွန် ၂၂ ရက်မနက် ၃ နာရီမှာ အမြန်လမ်းကားလမ်း မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ရန်ကုန်ဘက်ကို ခေါင်းတည်ထားပြီး စက်ပျက်လို့ပြင်နေတဲ့ ရတနာဖြိုး Express ကားကို မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ရွှေမန္တလာ Express ကားက နောက်ကနေဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရှေ့က Express ကားပဲ။ ကားပျက်လို့ ပြင်နေတာကို ရွှေမန္တလာကနောက်ကနေ ဝင်တိုက်တာ။ ရတနာဖြိုးက ယာဥ်မောင်းနဲ့ ရွှေမန္တလာက ယာဥ်မောင်း၊ ယာဥ်နောက်လိုက် သေတာ။ ဘယ်လိုကြောင့်ဝင်တိုက်မိလည်းတော့ သေချာမသိရသေးဘူး”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ရတနာဖြိုး Express ယာဥ်မောင်း အသက် ၄၀ အရွယ်အမျိုးသား၊ ရွှေမန္တလာ Express က အသက် ၄၀ အရွယ်ယာဥ်မောင်းအမျိုးသားနဲ့ အသက် ၂၀ ကျော်အရွယ်ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေမန္တလာ Express ယာဥ်ပေါ်က အသက် ၁၄ နှစ်ကျော်အရွယ်ကိုရင် ၁ ပါးနဲ့ အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသား ၃ ဦးဒဏ်ရာရခဲ့ပါတယ်။

ယာဥ်တိုက်မှုကြောင့်သေဆုံးထိခိုက်သူတွေကို အမြန်လမ်းမီးသတ်နဲ့ ဖြူးမြို့လူမှုကူညီရေးအသင်းတွေက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မေ ၂၅ ရက်ကလည်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ အိမ်စီးကား တိမ်းမှောက်လို့ အမျိုးသမီး ၂ ဦးသေ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း -လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။