မုံရွာ၊ ဇွန် ၁၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာအစွန်ပိုင်းက နေအိမ်တွေကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး လူငယ်အမျိုးသား ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ ကျေးရွာပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၁၅ ရက်ညနေ ၃ နာရီခန့်မှာ မုံရွေးတန်ပိုဂိတ်ကနေ လွှတ်တင်လိုက်တဲ့အသေခံဒရုန်းတစ်စီးဟာ ကျေးရွာအပြင်တောတိုက်ရှိ လူနေအိမ်အရှေ့ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
“နေအိမ်တလုံးရဲ့အရှေ့ဘက်နားကို ကျတာ။ လူတွေကထိုင်နေကြတာကို အစစင်တာပေါ့။ လူတွေပေါ်တည့်ကျတာတော့မဟုတ်ဘူး။ “လို့ ကျေးရွာပကဖတာဝန်ရှိသူက ပြောပါတယ်။
ဒရုန်းပေါက်ကွဲစ ထိမှန်တာကြောင့် အသက် ၂၅ နှစ်အရွယ်အမျိုးသား ၁ ဦး နေရာတင်သေဆုံးပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားနဲ့ မြေးဖြစ်သူ အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်တို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်နေအိမ် ၁ လုံးပျက်စီးပြီးဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ကတော့ ကြောက်လန့်ပြီး ရွာအနီးတောစပ်တွေဆီထွက်ပြေးနေကြရတယ်လို့ ကျေးရွာပကဖတာဝန်ရှိသူက ပြောပါတယ်။
မေ ၉ ရက်ကလည်း မုံရွာမြို့နယ်၊ ဘူးတောင်းကန်ကျေးရွာမှာ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း