■ သတ်ဖြတ်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ဖို့တင်ပြထားဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြော
သာယာဝတီ၊ ဇွန် ၁၅၊ ၂၀၂၆။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှနဲ့ လက်ပံတန်းမှာ အရပ်သား ၆ ဦး အသတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ဖို့တင်ပြထားတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကပြောပါတယ်။
အဲ့ဒီသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ပဲခူးတိုင်းပကဖ၊ ပဲခူးတိုင်းစစ်ဒေသတာဝန်ရှိသူတွေဆီ တင်ပြထားတာလို့ ဆိုပါတယ်။
“အရပ်သားပြည်သူတွေကို ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ထားတယ်။ အဲ့ဒီအတွက် ကျူးလွန်တဲ့အဖွဲ့ကို ကျူးလွန်သလို အပြစ်ပေးအရေးယူဖို့တင်ပြထားတယ်။ ဘယ်အဖွဲ့တွေကသတ်တယ်ဆိုတာကိုပါ တင်ပြထားပါတယ်။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာ မှန်တော့မှန်ကန်နေပြီ။ သို့သော်လည်း အပေါ်က ဘာအမိန့်မှမကျသေးလို့ အဖွဲ့နာမည်မပြောသေးဘူး”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဇွန် ၁၁ ရက်ည ၁၀ နာရီမှာ မင်းလှမြို့နယ်၊ စီတုန်းကျေးရွာနေ အသက် ၃၀ အရွယ် ကိုလင်းလင်းကို လက်နက်ကိုင်အဖွဲ့ ၁ ခုက နေအိမ်ပေါ်ကနေခေါ်ထုတ်ပြီး နေအိမ်ရှေ့မှာပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ ၁၀ ရက်ညပိုင်းမှာလည်း လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးတင်သိန်း၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်ဦး၊ အသက် ၅၅ နှစ်အရွယ် ဦးလွန်းခိုင်နဲ့ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မိချို၊ အသက် ၅၇ နှစ်အရွယ် ဒေါ်အေးမြင့်တို့ နေအိမ်တွေမှာပဲ ပစ်သတ်ခံခဲ့ရတာပါ။
ပစ်သတ်ခံရသူတွေဟာ မျှစ်ချိုး၊ ဝါးခုတ်၊ လက်သမား၊ ကြုံရာကျပန်းလုပ်ကိုင်သူတွေဖြစ်ပြီး အဲဒီအထဲက ကိုလင်းလင်းဟာ PDF ထောက်ပို့ဆိုပြီး သတင်းထွက်တာကြောင့် စစ်ကော်မရှင်ကလိုက်လံဖမ်းဆီးတဲ့အတွက် ရွာကနေ ၅ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်ရပြီးနောက် ကျေးရွာကိုပြန်ရောက်လာတာမကြာသေးဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၅ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ သုံးပွင့်ဆိုင်ကျေးရွာအနီးတောစပ်မှာ သစ်ကယ်ရီသမား ၁ ဦးကို လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ရာသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း