ဆော၊ ဇွန် ၁၀၊ ၂၀၂၆ ။
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့က စစ်ကြောင်းတပ်စွဲထားတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအသေခံဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သားတွေရော အရပ်သားတချို့ပါ ထိခိုက်သေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။
လောင်းရှည်မြို့၊ ဒေါနဘုန်းကြီးကျောင်းမှာ စစ်တပ်က အင်အား ၁၅၀ ခန့်နဲ့တပ်စွဲနေတာဖြစ်ပြီး ဇွန်လ ၉ ရက် ယမန်နေ့ မနက် ၁၀ နာရီကျော်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက အသေခံဒရုန်းတစီးအသုံးပြုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
” ကျောင်းမှာက စစ်တပ်ကကောင်တွေတပ်စွဲနေတာ။ ကားတွေလည်းရှိတယ်။ စစ်ကားကိုဒရုန်းနဲ့ချတာ။ စစ်သားတွေလည်းသေတာရှိတယ်။ ဘုန်းကြီးတွေကိုက အစမှန်တာ။ ကာမီကာဇေနဲ့ချတာ။ ပစ်မှတ်က ကားကိုမှန်တယ်။ နောက်သုံးတဲ့ဗုံးတွေက ပေါက်အားပြင်းတယ်လေ။”လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒရုန်းထိမှန်လို့ စစ်ကော်မရှင်ကား ၂ စီးပျက်စီးပြီး တပ်သားတွေလည်းထိခိုက်သေဆုံးရှိခဲ့ကာ သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဗုံးစထိမှန်တာကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိနေတဲ့ အသက် ၆၀ ကျော် ဘုန်းကြီး ၁ ပါးနဲ့ ကျောင်းဝေယျာဝစ္စပြုလုပ်သူအမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရပြီး အသက် ၂၀ ကျော် ဘုန်းကြီးကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ မေလဆန်းပိုင်းကတည်းက စစ်ကော်မရှင်တပ်သားတွေရောက်ရှိတပ်စွဲနေထိုင်နေတာဖြစ်ပြီး အဲ့ဒီဘုန်းကြီးကျောင်းကိုအခြေပြုကာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။