ဝေါ လဝကရုံး ငွေတောင်းကြမ်းလို့ ဒေသခံတွေအခက်ကြုံနေရ

0 13
0 13

ဝေါ၊ ဇွန် ၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ ဝေါမြို့နယ် လဝကရုံးကဝန်ထမ်းတွေဟာ ပြည်သူတွေဆီကနေ အဆမတန် ငွေတောင်းနေတာကြောင့် အခက်ကြုံနေရတယ်လို့ မှတ်ပုံတင်သွားလုပ်စဥ် ကိုယ်တိုင်ငွေပေးခဲ့ရသူတွေဆီ က သိရပါတယ်။

လဝက ဝန်ထမ်းတွေက မှတ်ပုံတင်အသစ်ပြုလုပ်တာ၊ ပျောက်ဆုံး/ပျက်စီး ပြန်လျှောက်တာ၊ အိမ်ထောင်စုစာရင်းအသစ်လုပ်တာ၊ ပျောက်ဆုံး/ပျက်စီး ပြန်လျှောက်တာနဲ့ မွေးစာရင်း အသစ်ပြန်ထည့်တာ၊ စမတ်ကဒ်ပြုလုပ်တာတွေအပါအဝင် လဝကရုံးမှာ ဝန်ဆောင်မှုလာယူသူတိုင်း ငွေမပေးရသူမရှိဘူးလို့ ဆိုပါတယ်။

“အိမ်ထောင်စုပျောက်ဆုံးပြန်လျှောက်တာ ၅၀,၀၀၀ ပေးရတယ်။ စာရွက်စာတမ်းခ မပါသေးဘူး။ အဲ့မှာ ကလေးမွေးတိုးထည့်တာ ကလေး ၁ ယောက်ကို ၃၀,၀၀၀ ပေးခဲ့ရတယ်။ အခြားသူတွေဆို ၁ သိန်းထိ တောင်းတာမျိုး ကြားရတယ်။ လူတွေကိုလည်း မောင်းထုတ်တယ်။ မင်းတို့ခိုင်းတိုင်းလုပ်ရမလား လဝက ကိုဘာအောက်မေ့နေလဲ ဆိုတာမျိုးတွေလည်း ပြောခံရတယ်”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။

ယခုငွေပေးရမှုပမဏဟာ ကိုယ်တိုင်ပြုလုပ်သူတွေကြုံတွေ့ခဲ့ရတာတွေဖြစ်ပြီး ပွဲစားနဲ့လုပ်ပါက ၃ ဆမက ပိုပေးရပြီး ကိုယ်တိုင်ပြုလုပ်ပါက အထောက်အထားထပ်မံလိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငွေပိုတောင်းလေ့ရှိတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဆိုပါလဝကရုံးမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်လာလုပ်ပါက အချိန်ကြာမြင့်စွာစောင့်ဆိုင်းခိုင်းတာ၊ တခါတရံ ရုံးဝန်းအတွင်းအဝင်မခံဘဲ မောင်းထုတ်တာ၊ ရုံးပြင်ပနေပူထဲမှာ စောင့်ဆိုင်းခိုင်းတာမျိုးတွေလည်းလုပ်ခိုင်းတတ်ပြီး ပွဲစားတွေဆိုရင် ရုံးအတွင်းအချိန်မရွေးဝင်ထွက်သွားလာလို့ရတယ်လို့ သိရပါတယ်။

“ပွဲစားဆီကျတော့ ပိုတောင်းလို့ကောင်းလို့ အဝင်ခံတယ်။ ပြည်သူက ဝင်လို့မရဘူး။ သွေးနှောပိုဆိုးသေးတယ် မောင်းထုတ်တာ။ ဗုဒ္ဓဘာသာစစ်စစ်ကောဝင်လို့ရလားဆို သူအကန့်နဲ့သူရှိမှရတယ်။ ဝေါလဝကမှာ တော်တော်ကိုအခြေနေဆိုးနေတာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင်အသစ်လုပ်မယ်ဆိုပါက တိုင်းရင်းသား ၁ ဦး ကျပ်အနည်းဆုံး ၃ သိန်း၊ သွေးနှော ဆိုပါက ကျပ် ၅ သိန်းမှ ၁၂ သိန်းအထိ၊ ပျောက်ဆုံး/ပျက်စီးပြန်လျှောက်ပါက တိုင်းရင်းသား ၁ ဦး ကျပ် ၁ သိန်း၊ သွေးနှော ကျပ် ၂ သိန်းခွဲပေးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ပါက ကျပ် ၁ သိန်း၊ မွေးတိုး(မွေးကင်းစ ကလေးငယ်တွေ အိမ်ထောင်စုစာရင်းထဲ ထည့်သွင်း) ပါက ၁ ဦးကို ၃ သောင်းကျပ် မှ ၁ သိန်း၊ စမတ်ကဒ်ပြုလုပ်ပါက ၁ ဦး ၂ သောင်းကျပ်အပြင် အခြားဝန်ဆောင်မှုတွေအတွက်လည်း ကျပ်သိန်းဂဏန်းအထိ ငွေကြေး တောင်းခံတယ်လို့ ဆိုပါတယ်။

ငွေကြေးတောင်းခံတာနဲ့ အချိန်ကြာအောင်စောင့်ဆိုင်းရတာတွေကြောင့် သွားလာစားရိတ်၊ နေထိုင်စရိတ် တွေပေးရတာအပြင် အချိန်ကုန်၊ အလုပ်ပျက်တာတွေလည်းဖြစ်နေရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

“ရွာတွေက လူတွေက ဒီလဝကရုံးကိုပဲ လာရတာလေ။ မနက်ခြေကတည်းက လာတယ်ဆိုရင် ထမင်းဝယ်စားရင် ပွဲပြင် ၁ ပွဲတောင် သုံးလေးထောင် ဝယ်စားရတယ်။ အဲဒါပြီးရင်အပြင်မှာ နေပူပူမိုးရွာရွာစောင့်နေရတာ။ မွေးတိုးလေးလုပ်တာတောင် ၃ ခေါက်နဲ့မပြီးဘူး။ ထောက်ခံစာလိုတယ် ဘာလိုတယ်ဆိုပြီး ဘယ်နေ့ထပ်လာဆိုချိန်းလိုက်မှ။ ရပ်ကွက် ရဲထောက်ခံစာမပါလို့ လူ ၁ ယောက်အနည်းဆုံး ၃ ခေါက်ပဲ။ ဆိုင်ကယ်မရှိတဲ့လူ ကယ်ရီနဲ့လာရရင် ၁ ကြောင်း ၃၀,၀၀၀ ပေးရတယ်။ “လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဆိုပါ လဝကရုံးမှာ မြို့နယ်ဦးစီးမှူး စိုင်းဝေယံဦး၊ တိုက်နယ်တာဝန်ခံတွေဖြစ်တဲ့ မျိုးမြင့်ထွန်းတို့က အဓိက တောင်းခံနေကြတာလို့လည်း ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။