စစ်ကိုင်းလဝကရုံး မိုင်းခွဲခံရပြီး လူဒါဇင်နဲ့ချီထိခိုက်

0 0
0 0

စစ်ကိုင်း၊ ဇွန် ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ်လဝကရုံး မိုင်းခွဲခံရပြီး ပြည်သူနဲ့ဝန်ထမ်း ၂၀ ဦး ဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇွန် ၅ ရက်မနက် ၁၀ နာရီကျော်မှာ ရုံးအတွင်းဝန်ထမ်းတွေနဲ့ မှတ်ပုံတင်၊ အိမ်ခေါင်စုစာရင်း လာရောက်လုပ်ကိုင်နေတဲ့ပြည်သူတွေရှိနေစဥ် မိုင်းကွဲခဲ့တာလို့ဆိုပါတယ်။

“မိုင်းကွဲတာပါ။ လာချသွားပြီးမှကွဲတဲ့သဘောမျိုး။ သေတာတော့မရှိဘူး။ ဝန်ထမ်း ၃ ဦးထိတယ်။ ဒဏ်ရာရတဲ့သူတွေကများတယ်။ ဒဏ်ရာပြင်းထန်တာ ၄ ဦးပါတယ်။ ရုံးက ဝန်းရှိတယ်။ ၃ ဖက်ပိတ်ထားပြီး ၁ ဖက်တည်းဖွင့်ထားတာ။” လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

မိုင်းကွဲတာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အသက် ၃၀ ကနေ ၆၀ ကြားရှိ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၂ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်သူတွေထဲမှာ ဝန်ထမ်း ၃ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ မိုင်းခွဲမှုကို ဘယ်အဖွဲ့တွေကဘာကြောင့်ပြုလုပ်တယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မိုင်းကွဲလို့ ရုံးအဆောက်အဦလည်းပျက်စီးကာ ထိခိုက်ဒဏ်ရာရသူတွေကတော့ လက်ရှိ စစ်ကိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

မြေလတ်အသံ

စစ်ကိုင်း #လဝကရုံး #ဗုံးကွဲ #ထိခိုက်ဒဏ်ရာရ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။