ညောင်ဦးနယ်ထဲ ထိုးနေတဲ့စစ်တပ်စစ်ကြောင်းကတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်း‌တွေနဲ့ဖမ်းမိ

0 3
0 3

ညောင်ဦး၊ မေ ၂‌၉၊ ၂၀၂၆။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ထဲထိုးနေတဲ့ စစ်ကြောင်းကစစ်တပ်တပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိခဲ့တယ်လို့ Earthquake People’s Defense Force က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၆ ဆင်း တပ်သား မျိုးထက်ဇော် ဖြစ်ပြီး ရိက္ခာရှာထွက်လာစဥ် စစ်ကြောင်းနဲ့ကွဲထွက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

” ရိက္ခာရှာဖို့ထွက်လာတုန်း ကျွန်တော်တို့ ရှေ့တန်း‌ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ပါဗျ။ တယောက်တည်း ကွဲထွက်လာတဲ့ပုံစံမျိုးပါဗျ။ ဖမ်းဆီးစဉ်မှာလည်း သူ့မှာပါတဲ့ ၆၀ မမ ဗုံးသီးကို စနက်တံဖြုတ်ပြီး ဒီတိုင်းလက်နဲ့လှမ်းပစ်တာပါ။ ရဲဘော်တွေဘက်လှမ်းထုတာမျိုးရှိတယ်ဗျ။ ကံကောင်းလို့ ဗုံးက ပေါက်တော့မသွားပါဘူး” လို့ Earthquake People’s Defense Force ရဲ့တာ၀န်ရှိသူက မြေလတ်အသံကိုပြောပါတယ်။

ဖမ်းဆီးရမိချိန်မှာ ၎င်းနဲ့အတူ MA1 သေနတ် ၁ လက်၊ ၅. ၅၆ မမ ကျည် ၁၀၀၊ ကျည်ဘောက် ၄ ခု၊ ၆၀ မမ ဗုံးသီး ၁ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမှုကို Earthquake People’s Defense Force၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21Bagan-People Defense Force ၊ Bagan Garuda Force ၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYTနဲ့ Badassess Burma Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

” သူ့ရဲ့ပြစ်မှုတွေအပေါ်မူတည်ပြီး အရေးယူသင့်တာ အရေးယူသွားမှာပါဗျ။ စစ်သုံ့ပန်းတွေထားရှိတဲ့အတိုင်းပဲ ထားတာပါဗျ။ ကျနော်တို့ အဖွဲ့ဖွဲ့ပြီးကတည်းကဆိုရင် ၁၀ ယောက် (အရှင်ဖမ်းစီးရမိတဲ့စစ်သား)ဝန်းကျင်လောက် ရှိပြီဗျ။ သက်ဆိုင်ရာအဖွဲ့တွေကို လွှဲပေးလိုက်တာပါဗျ” လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက် မနက်ပိုင်းမှာ ငါ့သရောက်မြို့နယ်ထဲကို အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး ယခု ဖမ်းဆီးရမိခဲ့တဲ့ တပ်သား မျိုးဇော်ထက် ဟာ အဲ့ဒီစစ်တပ်စစ်ကြောင်းက ဖြစ်တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။