■ လေယာဥ်နဲ့ ဗုံးကြဲလို့ မြင်းကျောင်းနေတဲ့အမျိုးသား ၁ ဦးလည်း သေဆုံး
အုတ်ဖို၊ မေ ၂၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က သေနတ်နဲ့ပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတာတွေကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကိုင်းကြီးရွာကနေ စစ်ဘေးရှောင်နေကြတဲ့ အမျိုးသား ၃ ဦးဟာ ကျေးရွာအတွင်း နေအိမ်တွေကို ပြန်လည်ဝင်ရောက်လာချိန် မေလ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ ကျေးရွာအတွင်းထပ်မံဝင်ရောက်လာတဲ့ စစ်ကြောင်းနဲ့တွေ့ကာ ဖမ်းဆီးပြီးနောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့ ဖြစ်စဥ်ကိုသိရှိတဲ့ အုတ်ဖိုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
” ပထမစစ်ကြောင်းပြန်သွားပြီထင်ပြီး ကိုင်းကြီးအိမ်ကိုပြန်ကြည့်တာ။ ဒုတိယစစ်ကြောင်းနဲ့(ရွာထဲမှာ) တိုးပြီးပစ်သတ်ခံရတယ်။ ကို—-(လွတ်မြောက်အမျိုးသား)က သေချင်ယောင်ဆောင်ပြီး ထွက်ပြေးလာတယ်။ ကျောကုန်းမှာ ရှပ်ထိဒဏ်ရာကြီးနဲ့။ ** သတင်းမှာ ၃လောင်းတင်မှာ သေချာတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ကိုင်းကြီးကျေးရွာခံ အသက် ၅၀ ဝန်းကျင်ရှိ ကိုအေးကြီး၊ ကိုဖိုးဇော်နဲ့ ကို—– (လွတ်မြောက်အမျိုးသား)တို့ ဖြစ်ပြီး ၎င်းတို့ ၃ ဦးကို စစ်တပ်က လက် ပြန်ကြိုးတုပ်၊ မျက်နှာအဝတ်နဲ့စည်းကာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ကိုအေးကြီးနဲ့ ကိုဖိုးဇော် တို့ ၂ ဦးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပေမယ့် ကို—– (လွတ်မြောက်အမျိုးသား)ဟာ ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ပြီးနောက် သေဆုံးသူတွေရဲ့ မျက်လုံးမှာစည်းထားတဲ့အ၀တ်တွေနဲ့ လက်ပြန်ကြိုးတုပ်ထားတာတွေကို ပြန်ဖြည်ပေးပြီး ၀မ်းလျားမှောက်အနေထားနဲ့ ဓါတ်ပုံရိုက်ယူသွားတယ်လို့ လွတ်မြောက်လာသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မေလ ၂၇ ရက် မနက် ၁၀ နာရီခွဲမှာပဲ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ကေ)ကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် ကျေးရွာအနီး မြင်းကျောင်းနေတဲ့ အမျိုးသား ၁ ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးထံက သိရပါတယ်။
သေဆုံးသူဟာ ကိုင်းကြီးကျေးရွာနေ ကိုဘိုလေး ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူ မြင်း ၁ ကောင် သေဆုံးခဲ့သလို နေအိမ်တချို့လည်း ထိခိိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
” သက်သေ(ဓာတ်ပုံမှတ်တမ်း)တွေတော့ မရသေးဘူး။ ၁ ယောက်သေတယ်။ မြင်းကျောင်းနေတာ မြင်းရောသေတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက် မနက် ၁၂ နာရီ၀န်းကျင်မှာလည်း အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်ပျက်စီးခဲ့ပါသေးတယ်။