ပေါင်းတည်၊ မေ ၂၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာက ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ မေ ၂၆ ရက် ဒီကနေ့မှာ ပြည်ခရိုင်တပ်ရင်း ၁ က သတင်းထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူဟာ ရှမ်းစပ်ရွာရာအိမ်မှူးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးမြင့်အေးဖြစ်ပြီး မေ ၂၃ ရက်မနက် ၅ နာရီကျော်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူကို ခုခံခွင့်မပေးဘူး၊ တွေ့တာနဲ့ ပစ်ခတ်ရှင်းလင်းတာပဲ။ ၂ ချက်ပစ်ခဲ့တယ်။ ခေါင်းကို ၁ ချက် ရင်ဘတ်ကို ၁ ချက်။ နေရာတင် တန်းသေတာပဲ။ သူကိုဆက်မလုပ်ဖို့ ဖုန်းနဲ့သတိပေးဖူးတယ်။ သူအိမ်သားတွေရှိပေမယ့်လည်း မဆိုင်တဲ့သူတွေကို မလုပ်ခဲ့ဘူး”လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ရာအိမ်မှူးဟာ နေရာမှာတင်သေဆုံးပြီး သူ့ဆီကနေ ဖုန်း ၁ လုံးကိုသိမ်းဆည်းရမိခဲ့ကာ ဖုန်းထဲမှာလည်း အုပ်ချုပ်ရေးအဖွဲ့၊ စစ်ကော်မရှင်အဖွဲ့တွေနဲ့ ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေကို ရထားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မနက် ၇ နာရီကျော်လောက်မှာတော့ စစ်ကော်မရှင်အဖွဲ့တွေ ကျေးရွာထဲ ရောက်လာပြီး အလောင်းလာကောက်သွားတယ်လို့ သိရပါတယ်။
ရာအိမ်မှူး ဦးမြင့်အေးဟာ စစ်မှုထမ်းအကြောင်းပြပြီး ရွာခံတွေဆီကနေ ငွေကြေး ကျပ် ၅၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ စစ်ကော်မရှင်အဖွဲ့ဝင်တွေကို ကောက်ခံပေးတဲ့အပြင် ကိုယ်ကျိုးအတွက် အသုံးပြုတာတွေလည်းရှိပြီး သူ့ကြောင့် ရွာခံအမျိုးသား ၅ ဦးထက်မနည်း စစ်မှုထမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာမှာ နေအိမ်အတွင်းရှိနေတဲ့ ရာအိမ်မှူး အထွန်း ဆိုသူ နေအိမ်အတွင်းပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း