ဆော၊ မေ ၂၆၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးက ရွာသာရွာကို မေ ၂၆ ရက်ဒီမနက် ၇ နာရီခန့်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပြင်ရွာဘက်ကလာတဲ့ အင်အား ၃၀၀ ခန့်ပါစစ်ကော်မရှင်တပ်တွေက မီးတင်ရှို့နေတာဖြစ်ပြီး အပျက်အစီးများနိုင်တယ်လို့ ဆိုပါတယ်။
“မနေ့ညကတည်းက စစ်ကြောင်းက ရွာထဲရောက်ပြီး ဒီမနက်မီးရှို့နေတာ။ မီးကအခုချိန်ထိ လောင်နေတုန်းပါ။ အပျက်အစီးများနိုင်တယ်။ ရွာကလူတွေလည်း ပြေးနေကြရတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
ရွာသာရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး အိမ်ခြေထက်ဝက်နီးပါးမီးလောင်ပျက်စီးနိုင်ကာ စစ်ကြောင်းမထွက်သေးတာကြောင့် အသေးစိတ်မသိနိုင်သေးဘူးလို့ဆိုပါတယ်။
မေလ ၂၅ ရက်မှာ တပြင်ရွာကနေနောက်ထပ်ထွက်လာတဲ့ အင်အား ၁၅၀၀ ခန့်ပါစစ်ကြောင်းဟာလည်း အင်အားဖြန့်ခွဲပြီးနောက် အကြည်ရွာ၊ နသိုးရွာရောက်နေသလို ကျောက်ထုတပ်ထဲက ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းဟာလည်း ငလွန်းကျေးရွာဘက်မှာ တပ်စွဲထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မေလ တတိယအပတ်ကစတင်ပြီး ပေါက်မြို့နယ်ကနေတဆင့် ဆက်တိုက်ဝင်လာနေတဲ့ စစ်ကော်မရှင်အဖွဲ့တွေဟာ ကျောက်ထုနယ်တဝိုက်မှာ အင်အား ၂,၀၀၀ ခန့်ထိရောက်ရှိနေပြီး စစ်အင်အားတွေကို ဖြန့်ချထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေလည်း ထိတွေ့တိုက်ပွဲဖြစ်ပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့အခြေနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
စစ်ကြောင်းရောက်နေတာကြောင့် တပြင်၊ ရွာသာ၊ နသို၊ ငလွန်း၊ အကြည်အပါအဝင် ကျေးရွာ ၁၀ ခန့်က ဒေသခံ ၈,၀၀၀ ကျော်ဘေးလွတ်ရာမှာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း