စစ်ကြောင်းကြောင့် ဘုတလင်ဒေသခံ ၈,၀၀၀ ကျော်စစ်ရှောင်နေပြီး ၁၅ ဦးဖမ်းဆီးခံထားရ

0 5
0 5

ဘုတလင်၊ မေ ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၅ ရက်ကစလို့ စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“ဇီးတောအနောက်ရွာ၊ ထနောင်းကုန်း၊ ကံသစ်အရှေ့ရွာ၊ ကံသစ်အနောက်ရွာ၊ အစုံပဲ။ တချို့လည်း ကိုယ့်တောရှိရာသွားကြတာ၊ တချို့လည်း လွတ်ရာရွာတွေဆီပေါ့၊ (ဖမ်းခံရသူတွေက) လောလောဆယ်တော့ မလွတ်သေးဘူး၊ အမျိုးသားတွေရော အမျိုးသမီးတွေရောပဲ။” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းဟာ ဇီးတောအနောက်ရွာ၊ ထနောင်းကုန်း၊ ကံသစ်အရှေ့ရွာနဲ့ ကံသစ်အနောက်ရွာတို့ကို စစ်ကြောင်းထိုးခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ သံပြားကာကားတွေ၊ Jammer – Dyna တွေနဲ့ မုံရွာ-ဘုတလင်လမ်းမအတိုင်း ဆက်လက်အင်အားဖြည့်လာနေတယ် ဒေသတွင်း စစ်ရေးအခြေအနေစောင့်ကြည့်သူတွေဆီက သိရပါတယ်။

စစ်ကြောင်းထိုးရာတလျောက်မှာလည်း ဒေသခံတွေကိုဖမ်းဆီးခဲ့ပြီး လက်ရှိမှာတော့ ဖမ်းဆီးခံ အသက် ၃၀ ကနေ ၅၀ အရွယ် အမျိုးသား၊ အမျိုးသမီး ၁၅ ဦးကို မေ ၁၉ ရက်ဒီကနေ့ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ဇီးတော၊ ထနောင်းကုန်း၊ ကံသစ်၊ စိုင်ပြင်ကြီး၊ နတ်ရွာ၊ ရွှေချောင်းလည်၊ သရက်တိုရိုးစတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၈,၀၀၀ကျော်လည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

တဖက်မှာလည်း စစ်ရှောင်တွေအနေနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာရိက္ခာနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေကို လက်ခံပေးထားတဲ့ ကျေးရွာတွေက ကျွေးမွေးဖို့ စီစဉ်ပေးတာတွေ ရှိနေပေမယ့် ဆန်နဲ့ ဟင်းချက်စရာ လိုအပ်ချက်တွေ၊ ကျန်းမာရေးဝန်ထမ်းမရှိတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေအတွက် အဓိက ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ဆန်နဲ့ ဟင်းချက်စရာလိုတာ၊ သောက်ရေကတော့ အဆင်ပြေတယ်၊ ဒီဘက်မှာက စစ်ရှောင်ရင် လက်ခံတဲ့ရွာတွေက စီစဥ်ပြီးကျွေးတာဆိုတော့ ဆန်ဘာညာက ကား၊ ထော်လာဂျီရှိတဲ့သူတွေလောက်ပဲ ယူလာနိုင်ကြတာ၊ ကျန်းမာရေးကတော့ ရောက်တဲ့ရွာက ကျန်းမာရေးဝန်ထမ်းရှိရင်တော့ တော်သေးတယ်၊ မရှိတဲ့ရွာတွေဆိုရင်တော့ ခက်ခဲတယ်။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်တွေမှာလည်း စစ်ကော်မရှင်တပ် အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။