31 July 2026 8:00 AM

ဝက်လက်နဲ့ ချောင်းဦးမှာဗုံးကြဲလို့ သံဃာနဲ့ကလေးငယ်ထိခိုက်ပြီး အဆောက်အဦတချို့ပျက်စီး

0 7
0 7

ဝက်လက်၊ မေ ၁၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့သံဃာတော်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်နဲ့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၁၃ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ဂျက်ဖိုက်တာ ၁ စီးက ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့လာကြဲတာပဲ။ ဘုန်းကြီးကျောင်းနားကိုကျတာ။ ကျောင်းက ရွာထဲမှာပဲ။ ထိတဲ့ကလေးက ကျောင်ဘေးနားအိမ်က ကလေးပါ။ “လို့ ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ။
ပုံစာ – ဗုံးကြဲခံရသည့် ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ။

ဗုံးထိမှန်တာကြောင့် သက်တော် ၃၀ ကျော်အရွယ် သံဃာ ၁ ပါးနဲ့အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့လူနေအိမ် ၁ လုံးပျက်စီးခဲ့ကာ ဗုံးကြဲခံရပြီးနောက် ဒေသခံအချို့ကတော့ ရွာကနေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆို ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညနေ ၃ နာရီကျော်မှာလည်း ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာအနီးကို စက်တပ်လေထီး ၂ စီးက ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။

“ရွာမြောက်ဘက်ကို လုပ်(ကြဲ)သွားတာ။ အရင်လုပ်နေကျ နေရာပဲ။ လူထိခိုက်တော့မရှိဘူး။ အဆောက်အဦတွေကလည်း ခဏခဏ ထုခံနေရတော့ ထပ်ပြီးပျက်စီးစရာလည်းမရှိတော့ပါဘူး”လို့ ပြောပါတယ်။

မေလ ၆ ရက်ကလည်း ဝက်လက်မြို့နယ်၊ ချက်ပြဲကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။