ကနီနယ်ထဲကစစ်ကြောင်းပြန်ထွက်ချိန် ခိုင်းနွား ၂၀ ကျော်၊ လှည်းတွေနဲ့ လူသုံးပစ္စည်းတွေ ယူသွား

0 0
0 0

ကနီ၊ မေ ၁၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားပြီးနောက် မုံရွာ-ယာကြီး-ကလေးဝ လမ်းတလျှောက်ကျေးရွာတွေက ခိုင်းနွားအများအပြားနဲ့ နွားလှည်း ၈ စီးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၃ ရက်ကစတင်ကာ ယင်းမာပင်နဲ့ကနီနယ်အစပ်ကျေးရွာတွေကို စစ်တပ်က ၃ ပတ်ကြာ လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မေလ ၁၁ ရက်မှာ စစ်ကြောင်းပြန်လည်ထွက်ခွာပြီးနောက် ကျေးရွာတွေအသီးသီးကနေ နွားနဲ့လှည်းတွေအပါ လူသုံးပစ္စည်းတွေပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

“ လမ်းတလျှောက် ရွာတွေကနေ ပစ္စည်းတွေကို ရသလောက် အကုန်သယ်တာ၊ ကုန်စုံဆိုင်တွေက စားစရာ သောက်စရာတွေရော။ စားသောက်ဆိုင်တွေက အရက်၊ ဘီယာ၊ ခေါင်ရည်တွေရော အကုန်ယူတာ။ ဆိုင်ရှင်တွေက ရွာထဲပြန်ဝင်လာတော့ ခင်ဗျားတို့ မပြေးကြနဲ့၊ ကျုပ်တို့က ဘာမှမလုပ်ဘူးလို့ ပြောတယ်။ အိမ်မှာ လူမတွေ့ရင်တော့ သူတို့ကို ဆန့်ကျင်တယ်လို့ ယူဆပြီး သူတို့လုပ်ချင်ရာလုပ်မယ်လို့ ပြောတယ်” လို့ ယာကြီးရွာခံ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းထိုးစဉ်ကာလအတွင်း စစ်တပ်က ဒေသခံတွေရဲ့ နွားလှည်းတွေကို အသုံးပြုပြီး ဒေသခံတွေပိုင်တဲ့ သံသေတ္တာ၊ ဗီဒို၊ ရေနွေးဓာတ်ဘူး စတဲ့ စစ်ဘေးရှောင်ရာကို ယူမသွားနိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်ခဲ့တာလို့ မျက်မြင်တွေ့သူ ဒေသခံအချို့က ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ လမ်းတလျှောက်ကျေးရွာတွေက ပြည်သူ ၇ ဦးထက်မနည်းကို ဓားစာခံဖမ်း ဆီးသွားခဲ့ပြီး ကနီမြို့ထဲကို ပြန်ဝင်တဲ့ မေလ ၁၁ရက်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီနားတင် ၁ အိမ်တည်းနဲ့ နွား ၃ကောင် ပျောက်တဲ့အိမ် ရှိတယ်၊ စစ်ပြေးရတော့ နွားတွေကို အစာနဲ့ ရေရှိတဲ့နေရာသွားလို့ရအောင် ကြိုးတွေ လွှတ်ထားခဲ့တာ၊ အဲဒီလွှတ်ထားတဲ့နွားတွေကို သူတို့က လိုက်ဖမ်းပြီး လှည်းတပ်မောင်းတာ။ လှည်း ၁ စီးရဲ့ နောက်မှာလည်း နွား ၃ ကောင်လောက် အပိုဆွဲသွားသေးတာ၊ အခု နွားပျောက်တဲ့လူတွေက မဟူရိုးပေါ် သူတို့ ကနီအထိ သွားတဲ့လမ်းတလျှောက် နွားရှာနေကြတယ်၊ တွေ့တဲ့ သူတွေလည်း ရှိတယ်၊ တချို့လည်း မတွေ့ကြသေးဘူး” လို့ မုံရွာ-ယာကြီး လမ်းဘေးနေ ပြည်သူတဦးက ပြောပါတယ်။

စစ်ကြောင်းထဲမှာအမျိုးသမီးအချို့လည်း လိုက်ပါလာခဲ့ပြီး စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေဖွင့်ပြီး ကျေးရွာတွေကို ပြန်လည်တိုးတက်အောင် လုပ်ပေးမယ်လို့ပြောဆိုကာ လမ်းတလျှောက်ပြည်သူတွေကို စည်းရုံးရေးဆင်းသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာ ဒေသခံတွေရဲ့ခိုင်းနွားအကောင်ရေ ၂၀ ကျော်နဲ့ လှည်း ၈ စီးထက်မနည်းပျောက်ဆုံးထားတယ်လို့ ဆိုပါတယ်။

၃ ပတ်နီးပါးအကြာ လှည့်ပတ်ထိုးခဲ့တဲ့ အဲ့ဒီစစ်ကြောင်းကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ် ကျေးရွာတွေအပါ ရွာပေါင်း ၃၀ ထက်မနည်းက ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရတာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။