ချောင်းဦး၊ မေ ၁၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာမှာ စစ်ကော်မရှင်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သက်ကြီးပိုင်းအမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ချောင်းဦးမြို့ ထွေအုပ်ရုံးမှာအထိုင်ချနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မေ ၁၂ ရက်ညနေ ၃ နာရီကျော်မှာ လက်နက်ကြီးနဲ့ ၅ လုံးပစ်ခတ်ခဲ့ရာမှာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ဘာမှမဖြစ်ဘူး။ ရုတ်တရက်ပစ်တာ။ ရွာထဲကို ၂ လုံးကျတာ။ ကျန်တာက ရွာဝန်းကျင်ကိုကျတာ။ ရွာထဲကျတဲ့အလုံးထဲက ၁ လုံးက နေအိမ်ပေါ်ကျတာ”လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
လက်နက်ကြီးထိမှန်ပြီး အသက် ၇၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးနေရာမှာတင်သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီး ၂ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာနဲ့ တောင်ဖီလာကျေးရွာမှာ စက်တပ်လေထီးနဲ့ဗုံးချခံရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း