တော်လှန်ရေးတပ်စိုးမိုးနယ်မြေတွေက ပြည်သူ ၂၀၀ ကျော်ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

0 10
0 10

စလင်း၊ မေ ၁၁၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကျေးရွာတွေက ပြည်သူ ၂၀၀ ကျော်ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

မေ ၆ ရက်မှ ၉ ရက်‌အထိ ၄ ရက်တာအတွင်း အရေပြားရောဂါ ၇၈ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၁ ဦးအပါအဝင် စိုးမိုးနယ်မြေရှိ ကျေးရွာ ၉ ရွာမှာ နေထိုင်ကြတဲ့ လူနာ ၂၃၆ ဦးကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု သွားရောက်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ ရင်ကြပ် အဲ့လောက်(ကုသခဲ့တာ)ပါပဲ၊ ဆရာဝန်မပါတော့ ရောဂါကြီးတွေကို မှတ်တမ်းယူခဲ့ပြီး ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ ယခင်လတွေက ယားနာရောဂါတွေအတွက် သီးသန့်သွားခဲ့တာလည်း ရှိပါတယ်”လို့ စလင်းမြို့နယ်ပအဖတာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

စလင်း ပအဖဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသရှိ ကိုယ်ဝန်ဆောင်အချို့ကတော့ နီးစပ်ရာမြို့မှာ မွေးဖွားကြပြီး အဲ့ဒီဒေသမှာ NGO ဆေးခန်း ၁ ခုနဲ့ ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဆေးခန်း ၁ ခုရှိတယ်လို့သိရကာ နီးစပ်ရာကျေးရွာတွေက လူနာတွေကိုတော့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်လို့ ဆိုပါတယ်။

“မြေပြင်ဆေးခန်း ၅ ခု ဖွင့်ထားတာလည်းရှိတယ်။ ၂၀၂၄ ကတည်းကပါ။ မြေပြင်ဆေးခန်းတွေမှာလည်း လူနာတွေရှိပါတယ်။ ပင်မဆေးခန်းမှာ နေ့စဉ် ၁ နေ့ကို လူနာ ၆၀ အထိလာရောက်ခဲ့ကြတယ်။”လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ တော်လှန်ရေးတပ်တွေစိုးမိုးဒေသရှိ ကျေးရွာ ၃ ရွာက အရေပြားရောဂါဖြစ်ပွားသူ ၆၁ ဦးနဲ့ ကိုယ်၀န်ဆောင် ၇ ဦးတို့ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ စလင်း ပအဖ က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။