ဖောင်းပြင်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံး

0 0
0 0

စစ်ကိုင်း၊ မေ ၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကိုစစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ‌သူ‌တွေနဲ့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဖောင်းပြင်မြို့နယ်ပကဖဆီက သိရပါတယ်။

မေလ ၈ ရက် နေ့လယ် ၃ နာရီ ၂၅ မိနစ်ခန့်မှာ ဖောင်းပြင်မြို့နယ်၊ မင်းယာရွာကို ၁၂၀ မမလက်နက်ကြီးနဲ့ ၁ ချက်ခန့်ပစ်ခတ်ခဲ့ပြီး နေ့လယ် ၃ နာရီမှ ၄ နာရီအထိ နောင်ရင်းရွာကို ဒရုန်းဗုံးနဲ့ ၄ ကြိမ်တိုက်ခိုက်ခဲ့တဲ့ အပြင် ၆၀ မမ ၆ လုံး၊ ၁၂၀ မမ ၁ လုံးတို့နဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့တုန်းက တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တော်လှန်ရေးရဲဘော်တွေ အင်အားစုဖွဲ့မှု လုပ်နေတာမျိုးလည်းမရှိဘူး။ မင်းယားက ဒေါ်မယ်စိန်တို့ နေအိမ်တည့်တည့်ကိုတော့ ၁၂၀ နဲ့ ခမရ ၃၆၇ ကနေ ပစ်တယ်။ နေအိမ်ပေါ်မှာရှိတဲ့အမျိုးသမီး ၂ ဦးကတော့ ဆုံးသွားတယ်”လို့ ဖောင်းပြင်မြို့နယ် ပကဖရဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုဆင်ပေါက်ကြီးက မြေလတ်အသံကိုပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေကြောင့် ‌မင်းယားရွာက နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်မယ်စိန်နဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်မြသိန်းတို့သေဆုံးကာ နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောင်ရင်းရွာကိုတိုက်ခိုက်မှုမှာတော့ အသက် ၂၀ ကနေ ၃၀ အကြား ရပ်ကျေးပကဖအဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့အထက်ပါ ဆက်သွယ်ရေးတာ၀န်ခံက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဖောင်းပြင်မြို့မှာရှိတဲ့ အမှတ် ၃၆၇ ခြေမြန်တပ်ရင်း (ခမရ ၃၆၇) က လုပ်ဆောင်ခဲ့တာလို့သိရပြီး ပြည်သူ့စစ်အဖွဲ့‌၀င်တွေထိန်းချုပ်ထားတဲ့ ပိုးစားကုန်းရွာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နောင်ရင်းရွာတို့ဟာ မီတာ ၁၀၀ ကျော်အကွာအဝေးမှာ ရှိတယ်လို့သိရပါတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။