တိုက်ပွဲမဖြစ်ဘဲ ကန့်ဘလူက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ မနက် ၉နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်က ပြောပါတယ်။

မီးရှို့ခံရတဲ့ အင်းမနဲ့ ဖလားရကျေးရွာတို့ကို အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့က တိုက်ပွဲမရှိဘဲ ဝင်ရောက်မီးရှို့တာလို့ဆိုပါတယ်။

“ဒေသခံတွေက အစကတည်းက စစ်ရှောင်နေတာကြာပြီပေါ့နော်။ အင်းမတို့လိုရွာတွေက ကျွန်းလှနဲ့နီးတဲ့ခါကျတော့ အဝေးရှောင်တာတွေများတာပေါ့။” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိ အမျိုးသမီးတဦးက ပြောပါတယ်။

မီးဝင်ရှို့တဲ့စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ ပင့်သာတိုက်နယ်ကျေးရွာကို ရုတ်တရက်ဝင်လာပြီးနောက် စစ်ကြောင်းခွဲကာ အင်းမကျေးရွာကို အရင်မီးရှို့ပြီးမှ ဖလားရရွာကိုထပ်ရှို့တာလို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

အဲဒီပူးပေါင်းတပ်ဖွဲ့ဟာ နေ့လယ် ၃ နာရီကျော်အချိန်ထိ အင်းမနဲ့ဖလားရကျေးရွာအတွင်းမှာ ရှိနေသေးတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အင်းမရွာမှာ အိမ်ခြေ ၂၄၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး စစ်ကောင်စီတပ်ရဲ့မီးရှို့တာကိုခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂,၁၁၁ လုံး၊ ၂ဝ၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂ဝ၂၃ ခုနှစ်မှာ ၃၁,၆၃၃ လုံးနဲ့ ၂၀၂၄ ခုနှစ် (စက်တင်ဘာ လကုန်အထိ)မှာ ၂၅,၈၀၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအထဲက အများစုက စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ မကွေးတိုင်းတွေဖြစ်တယ်လို့ Data For Myanmarရဲ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။