NUG အစိုးရလက်အောက် ဂန့်ဂေါအကျဥ်းထောင်က စစ်သုံ့ပန်းနဲ့အကျဥ်းသား ၃ ဦးထွက်ပြေး

0 22
0 22

ဂန့်ဂေါ၊ မေ ၈၊ ၂၀၂၆။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ခြမ်းတနေရာရှိ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက် အကျဥ်းထောင် ၁ ခုကနေက အကျဥ်းသား ၃ ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတွေထံက သိရပါတယ်။

မေလ ၇ ရက် ယမန်နေ့မနက်အစောပိုင်းမှာ အကျဥ်းသား ၃ ဦးဟာ အကျဥ်းထောင်အခန်းကို ဖောက်ထွင်းထွက်ပြေးသွားတာဖြစ်ပြီး လက်ရှိအထိလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အစောင့်တွေက အိပ်ပျော်နေချိန် ထွက်ပြေးသွားတာလို့ သိရတယ်။ ပြေးသွားတာကိုလည်း နေ့လယ်မှသိကြတယ်။ အဓိက ပေါ့ဆတာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးသွားသူတွေဟာ ၂၀၂၃ နိုဝင်ဘာလ ၃ ရက်မှာ သိမ်းပိုက်ရရှိခဲ့တဲ့ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းတိုက်ပွဲက စစ်သုံ့ပန်းရဲ ၂ ဦးနဲ့ လူသတ်မှုနဲ့ဆက်စပ်ပြီး ဖမ်းထားသူ အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး လက်နက်ယူဆောင်သွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ၃ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ စိစစ်နေဆဲဖြစ်ပြီး ပြန် လည်ဖမ်းဆီးရမိဖို့ အကျဥ်းထောင်တာဝန်ကျသူတွေက လိုက်လံရှာဖွေနေကာ မေလ ၈ ရက် ဒီကနေ့မနက်ပိုင်းအထိတော့ ပြန်လည်ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း ထွက်​ပြေးသွားသူတွေဟာ စစ်ကော်မရှင်တပ်ထံရောက်ရှိသွားနိုင်တာကြောင့် လေကြောင်းအန္တရာယ်အတွက် ကြိုတင်ရွှေ့ပြောင်းတာနဲ့ လုံခြုံရေးကျိုးပေါက်မှုမရှိဖို့ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။