ဖလမ်းကိုသွားမယ့် Non-CDM တွေကို လုံခြုံရေးလိုက်ပေးတဲ့ယာဉ်တန်း တိုက်ခံရပြီး ဗိုလ်ကြီးအပါ ၈ ဦးသေဆုံး

0 20
0 20

မြေလတ်အသံ၊ မေ ၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-သိုင်းငင်းလမ်းပိုင်းမှာ Non-CDM တွေကို လုံခြုံရေးယူပေးတဲ့ စစ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်အပါ ၈ ဦးသေဆုံးတယ်လို့ CDF-CDM Siyin တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၆ ရက် မနက် ၁၀ နာရီခန့်မှာ ကလေးမြို့ကနေ ဖလမ်းမြို့ကို စစ်ကားအစီး ၂၀၊ ဆိုင်ကယ်အစီး ၁၅၀ ခန့်နဲ့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းရဲ့ နောက်ဆုံးကား ၂ စီးကို ကလေး – သိုင်းငင်းလမ်းပိုင်းတနေရာရှိ ဒေသအခေါ်ကော်ဖီခြံအကွေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဝန်ထမ်းတွေကို လုံခြုံရေးပေးတဲ့ စစ်သားတွေပါတဲ့ နောက်ဆုံးက ကား ၂စီးကိုပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရှေ့က ကားတွေကျ ဝန်ထမ်း‌တွေပါတော့ ထိမှာလည်း စိုးရိမ်တယ် ” လို့ CDF-CDM Siyin တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ် ပြန်လည်ထိန်ချုပ်ထားလိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့ Non CDM ဝန်ထမ်းတွေကို ကလေးမြို့ကတဆင့်ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီယာဉ်တန်းမှာ နာမည်ကြီးစစ်တပ်ထောက်ခံသူ ကျော်စိုးဦး လည်း လိုက်ပါလာတာကြောင့် ၎င်းစီးနင်းလာတဲ့ကားကို လိုက်လံပစ်ခတ်ခဲ့ပေမဲ့ လွတ်မြောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ယာဉ်တန်းမှာ ပဲခူးမြို့အခြေစိုက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်(တမခ – ၇၇) လက်အောက်ခံ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများစု လိုက်ပါလာတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် တပ်မ ၇၇ မှ ဗိုလ်ကြီး ဇင်မျိုးမြတ် နဲ့ နောက်ထပ် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” ကားမောင်းလာတဲ့ ယာဉ်မောင်းကလွဲပြီး စစ်သား ၈ ဦး သေဆုံးခဲ့ပါတယ်။ ကျနော်တို့ အလောင်း ၅ လောင်း သိမ်းဆည်းရမိပါတယ်။ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦးနဲ့ တပ်သား ၃ ဦးရဲ့အလောင်းတွေရပါတယ်။ လက်နက် ၄ လက်၊ ကား ၁ စီးသိမ်းဆည်းရရှိခဲ့တယ်” လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါယာဉ်တန်းက မေလ ၆ ရက် ညနေပိုင်းမှာပ ဖလမ်းမြို့ကို ရောက်ရှိခဲ့ပြီး စစ်ကော်မရှင်လက် အောက် Non-CDM ဝန်ထမ်း ၁၀၀ ကျော် ပါဝင်ကာ အုပ်ချုပ်ရေးပြန်လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့ ဖလမ်းမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မနေ့ ညနေပိုင်းမှာ ရောက်တယ်။ မြို့တော်ခန်းမမှာ ကြိုဆိုပွဲလုပ်ပေးတယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့ ဌာနပေါင်းစုံက နန်း(Non) တွေ အယောက် ၁၀၀ ကျော်ပါတယ်။ မြို့မှာတော့ ပြည်သူတွေ မရှိကြသေးဘူး။ ဒါပေမဲ့ နန်း(Non) တွေနဲ့အတူ ပါလာတဲ့ သင်းအုပ်ဆရာတွေပဲရှိမယ်။ ပြီးတော့ စစ် သားတွေရယ်ပေါ့” လို့ သူက ပြောပါတယ်။

ဖလမ်းမြို့ကို ရောက်ရှိလာတဲ့ ဝန်ထမ်းအများစုဟာ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဌာန ရုံးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဓိကပါဝင်တယ်လို့သိရပြီး အဲဒီဝန်ထမ်းတွေကို ဧပြီ ၂၇ရက်က ကလေးမြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးက ဖိအားပေး စေလွှတ်လိုက်တာလို့လည်း ကလေးမြို့ခံတဦးက ဆိုပါတယ်။

ဖလမ်းမြို့ကို ၂၀၂၅ ဧပြီလအတွင်းမှာ ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး၊ စစ်တပ်က မြို့ပြန်လည်ရရှိရေး ၇ လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ၂၀၂၆ ဧပြီ ၂၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။