သေနတ်သံကြားလို့ထွက်ပြေးတဲ့လူငယ်တွေကို စစ်တပ်ကလိုက်ပစ်လို့ ဆယ်ကျော်သက် ၁ ဦးသေဆုံး

0 29
0 29

မင်းလှ၊ မေ ၇၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးရွာမှာ သေနတ်သံကြားလို့ ထွက်ပြေးတဲ့လူငယ်တွေကို စစ်တပ်က လိုက်လံပစ်ခတ်ရာက ဆယ်ကျော်သက် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၆ ရက် ယမန်နေ့ ည ၈ နာရီခန့်က ကိုင်းပြင်ကြီးကျေးရွာနေအိမ်တခုရှေ့မှာ မိုလ်ဘိုင်းဂိမ်းကစားနေကြတဲ့ လူငယ်တွေကို ကျေးရွာတွင်းသေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့လိုက်လံပစ်ခတ်ရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ အဲ့(စစ်သားဟောင်းဦးရဲဘော်ကြီး)အိမ်က ကလေးပျော်တဲ့အိမ်၊ ကလေးတွေက ဂိမ်းဆော့နေတာပေါ့။ မီးဖွင့်ထားတယ်ပေါ့။ ပေါ်တာဆွဲတာမဟုတ်ဘူး။ သေနတ် ၂ချက်ဖောက်လို့ ကလေးတွေကထွက်ပြေးတာ” လို့ ကိုင်းပြင်ကြီးရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်ပစ်ဖောက်သံကြားတာကြောင့် ဂိမ်းဆော့နေတဲ့လူငယ်တွေဟာ ကြောက်လန့်ပြီး နေအိမ်အနောက်ဘက်ရှိ ကျွန်းပင်တန်းတွေအတွင်း ဝင်ရောက်ထွက်ပြေးချိန်မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အနောက်ကနေ သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ကိုင်းပြင်ကြီးရွာနေ အသက် ၁၅ နှစ်အရွယ် မောင်အောင်ဇေယျာဖြိုး မှာ ရင်ဘတ်ဖောက်ထွက်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

ပစ်ခတ်သူတွေဟာ ကိုင်းပြင်ကြီးရွာပြည်သူ့စစ်ခေါင်းဆောင် နေလင်းနဲ့ ပူးပေါင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး မောင်အောင်ဇေယျာဖြိုး သေဆုံးမှုအပေါ် နစ်နာကြေး၊ နာရေးစရိတ်ပေးမယ်ဆိုကာ လာရောက်ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

“ပစ်ပြီးတော့ ၁ ယောက်တော့လဲသွားတယ်။ မှန်ပြီးလဲသွားတယ်။ စိတ်တော့မကောင်းဘူးလို့ စစ်ကော်မရှင်တပ်သားတွေကပြောပြီး ဒီကောင်တွေမပြန်ဘူး။ စကားတွေဘာတွေပြောဆိုပြီးမှ ပြန်သွားတာ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

သေဆုံးလူငယ်ရဲ့မိဘတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတာ ၃ နှစ်နီးပါးရှိပြီဖြစ်ပြီး အသက် ၆ နှစ်အရွယ်ညီမဖြစ်သူနဲ့အတူ ကိုင်းပြင်ကြီးရွာရှိ အဒေါ်နေအိမ်မှာနေထိုင်ကြတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။