ရခိုင်-မကွေးအစပ် ဂုတ်ကြီးရွာစခန်းအနီး တိုက်ပွဲတွေပြင်းထန်

0 29
0 29

မကွေး၊ ဧပြီ ၂၉၊၂၀၂၆။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာစခန်းနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေသလို အင်အားဖြည့်တင်းတာတွေလည်း လုပ်နေတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အာရက္ခတပ်တော်-AA ပူးပေါင်းတပ်တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအကြား ဧပြီ ၂၈ ရက် ယမန်နေ့ တနေကုန်နီးပါး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး ညပိုင်းမှာ ခေတ္တရပ်သွားပေမယ့် ဒီကနေ့မနက် ၃ နာရီဝန်းကျင်ကစလို့ လက်ရှိအထိ တိုက်ပွဲတွေပြန်ဖြစ်နေတာလို့ ဆိုပါတယ်။

” ညကလည်း ဖိုက်တာ ၃စီးနဲ့ ဆက်တိုက်ကြဲသွားပါတယ်။ ခုမနက်မှာလည်း Y12(လေယာဥ်) နဲ့ ချနေပါတယ်။ **တွေ အထိနာနေတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရတာတွေကိုတော့ အတည်ပြုလို့မရသေးပါဘူးဗျ” လို့ ငဖဲအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပဒါန်းအခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) ကနေ တိုက်ပွဲတွေဖြစ်နေတဲ့ ဂုတ်ကြီးစခန်းဝန်းကျင်နေရာတွေကို ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေသလို လေကြောင်းကနေလည်း ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဧပြီလနောက်ဆုံးအပတ်ထဲမှာ ငဖဲတပ်နယ်ရှိ မစခ ၉၀၅ ဌာနချုပ်အတွင်းကို အင်အားရာချီ စစ်အင်အားဖြည့်တင်းခဲ့ပြီး အဲ့ဒီနောက် ဂုတ်ကြီးစခန်းနဲ့အနီးဝန်းကျင်တွေကို စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“ဒီရက်ပိုင်းထဲ မစခ ၉၀၅ ထဲကို မကွေးဘက်ကနေ **ကားကြီး ၂ စီး ၊ အရပ်ကုန်ကားကြီး ၂ စီး နဲ့အင်အားဖြည့်ထားတာရှိပါတယ်။ မကွေး တပ်မ ၈၈ ကနေလာတဲ့ကားတွေလို့ သိရပါတယ်”လို့ငဖဲအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းမှာ အာရက္ခတပ်တော်-AA က ဂုတ်ကြီးရွာစခန်းကို သိမ်းပိုက်ပြီးနောက် ၃ လအကြာ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းမှာ စစ်တပ်က ဂုတ်ကြီးစခန်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် ဂုတ်ကြီးရွာစခန်းနဲ့အနီးတဝိုက်ကို အာရက္ခတပ်တော်ကပဲ ဆက်လက်ထိန်းချုပ်ထားနိုင်တာပါ။

နတ်ရေကန်ဗျူဟာကုန်းနဲ့ ဂုတ်ကြီးစခန်းအပါအဝင် ရခိုင်-မကွေးအစပ် ငဖဲမြို့နယ်အတွင်းက တပ်စခန်းတွေဟာ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ဝင်ပေါက်ဖြစ်တာကြောင့် နှစ်ဖက်လုံးအတွက်အရေးပါနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။