ပခုက္ကူ၊ ဧပြီ ၂၈၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာကနေ သဲကျုံးထွက်လာတဲ့ ပျူစောထီးအဖွဲ့ စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၂၇ ရက်မနက် ၈ နာရီခန့်မှာ ညောင်ဂျစ်ပင်ရွာက ပျူစောထီး ၇ ဦးဟာ ရွာနဲ့မီတာ ၄၀၀ ခန့်အကွာ ချောင်းထဲကိုဆင်းလာချိန် ဒေသခံကာကွယ်ရေးတပ်တွေက စနိုက်ပါ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“သူတို့တွေ ဘန်ကာဆောက်ဖို့နေမယ်။ သဲတွေလာကျုံးတယ်။ ကျနော်တို့ကသတင်းရလို့ သွားပစ်တာ။ ချောင်းထဲရောက်ပြီး သဲကျုံးဖို့လုပ်နေချိန်မှာပစ်တာ။ စနိုက်ပါနဲ့ပစ်ပြီးမှ လက်နက်ငယ်နဲ့ဝိုင်းပစ်တော့ ပြေးကြတယ်”လို့ နဂါးနီပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်း ဗိုလ်မီးတောက် က ပြောပါတယ်။
စနိုက်ပါနဲ့ပစ်ခတ်မှုအတွင်း ပျူစောထီး ၁ ဦးသေဆုံးပြီး လက်နက်ငယ်နဲ့ပစ်ခတ်မှုအတွင်း ထိခိုက်မှုရှိ၊ မရှိကိုတော့စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့နေရာက ပျူစောထီးစခန်းနဲ့နီးတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတာ မရှိဘဲ ပျူစောထီးစခန်းကိုပြန်ပြေးသွားတဲ့အဖွဲ့တွေက အင်အားဖြည့်ပြန်လာတာကြောင့် ပြန်လည် ဆုတ်ခွာလာရတယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်ကလည်း မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်းပေါ်က စစ်ကော်မရှင်ယာဥ်တန်းနဲ့ ဂွေးချိုရဲစခန်း တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် ၁၀ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း