မကွေး၊ ဧပြီ ၂၈၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဇီးဖြူကောင်းရွာနဲ့ ရေပုတ်ရွာကနေအိမ်တွေကို စစ်ကော်မရှင်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဧပြီ ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကစတင်ပြီး အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အထက်ပါကျေးရွာတွေကို တပြိုင်တည်းဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“၁ နာရီပတ်ဝန်းကျင်လောက်မှာ မီးရှို့တာပေါ့၊ စရှို့တာမြင်ရတာ ရေပုတ်ကတော့ စပြီးမီးခိုးထွက်တာပေါ့၊ လူကတော့ အထိခိုက်မရှိပါဘူး။ စစ်ကြောင်းက ရေပုတ်နဲ့ ဇီးဖြူကောင်း ၃ နေရာလောက်ခွဲဝင်တာ၊ ရေပုတ်ကအနောက်ဘက်မှာ ဇီးဖြူကောင်းကအရှေ့ဘက်မှာ နီးတယ်။ သူတို့ မဝင်ခင် လက်နက်ကြီး ၁ ချက်ပစ်တယ်”လို့ ဇီးဖြူကောင်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
မီးရှို့တာကြောင့် ဇီးဖြူကောင်းကျေးရွာက နေအိမ် ၆၉ လုံးနဲ့ ရေပုတ်ကျေးရွာက နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေထိခိုက်မှုမရှိခဲ့ဘဲ လက်ရှိမှာတော့တိမ်းရှောင်နေကြရတယ်လို့ ပခုက္ကူခရိုင် အမှတ်၁၉ တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“တိမ်းရှောင်နိုင်ခဲ့ပါတယ်၊ စစ်ကြောင့် ထိခိုက်မိတာမျိုး မရှိပါဘူး၊ အကုန်ဘေးကင်းပါတယ်၊ အခု လက်ရှိအခြေအနေက အားလုံးရှောင်နေရတယ်၊ ယာယီဖြစ်မလား၊ ရေရှည်ဖြစ်မလားက စစ်ရေးအပေါ် မူတည်နေတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ၊ အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းတို့ ပူးပေါင်းထားတာလို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ကလည်း မကွေးမြို့နယ်၊ ညောင်ပင်ရွာနဲ့ ကျွန်လှရင်ရွာတို့ကို စစ်ကော်မရှင်တပ်က မီးရှိုဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့ပါသေးတယ်။
သတင်း – ဇော်၊ စာတည်း – လင်း