အင်းတော်၊ ဧပြီ ၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်ကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်နဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတော်မြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းအနီးက ဘုရားကုန်းနဲ့ အနီးပတ်ဝန်းကျင်ကို ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီနဲ့ ဧပြီ ၂ ရက် မနက် ၁၀ နာရီတို့မှာ ဗုံးကြဲတိုက်ခိုက်နေတာလို့ဆိုပါတယ်။
“၁ ရက်နေ့က ၄လုံးကြဲတယ်။ ဒီနေ့(ဧပြီ ၂ရက်)မနက်လည်း ဆက်တိုက်ကြဲနေတယ်။ သေဆုံးသူတွေက ဘယ်သူလဲဆိုတာကို အတိကျမသိရဘူး။ ဘုရားကုန်းက စစ်တပ်ကုန်းနဲ့နီးတယ်။ အဲ့မှာရပ်တော်မူ ၁ ပါး ပျက်စီးသွားတယ်။”လို့ အင်းတော်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
ဗုံးကြဲချိန်အတွင်းသေဆုံးခဲ့သူ ၂ ဦးရဲ့အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အခုဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ ၂၀၂၄၊ သြဂုတ်က မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဖြစ်တာကြောင့် အဲဒီနေရာမှာ လက်ရှိနေထိုင်ကြတဲ့သူတွေဟာ စစ်တပ်ထောက်ခံသူတွေ၊ ဆက်စပ်သူတွေ၊ စစ်တပ်မိသားစုတွေ၊ ရဲမိသားစုတွေနေထိုင်ကြတယ်လို့ဆိုပါတယ်။
“တိုက်ပွဲဖြစ်တုန်းက မြို့ခံပြည်သူတွေထွက်ပြေးလာတဲ့အခါ သူတို့(စကစနဲ့ဆက်စပ်သူ)တွေက မထွက်ဘဲနဲ့ကျန်ခဲ့လိုက်တာ။ ပစ်မှတ်မှားတာလားမသိ။ အဲ့နေရာကလူတွေ ထိခိုက်သွားတာ။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့မတ် ၂၈ ရက်ကလည်း ချောင်းဦးမြို့နယ်အရှေ့မြောက်ခြမ်းမှာ ၁ ကြိမ်၊ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်၊ ရေပိုးစားရွာမှာ ၁ ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၁ ရက်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်းပါးစေတွေကြောင့် သေဆုံးခဲ့သူစုစုပေါင်း ၆,၄၇၆ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ကထုတ်ပြန်ပါတယ်
စာတည်း – လင်း