လက်ပံတန်းမှာဗုံးကြဲလို့ လူငယ်အမျိုးသား ၄ ဦးသေဆုံး

0 41
0 41

လက်ပံတန်း၊ ဧပြီ ၂၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သဲကောဆည်အနီး ဆားချောင်းရွာတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူငယ်အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဧပြီ ၂၂ ရက်မနက် ၁၀ နာရီခန့်မှာ ဆည်ဘောင်ပေါ်နဲ့ ဆားချောင်းရွာအနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၁၀ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီမှာက ပြည်သူတွေက ငါးဖားရှာနေတာရှိတယ်။ ဝါးခုတ်တဲ့ပြည်သူတွေရှိတယ်။ ကျနော်တို့ဘက်က လေကြောင်းအန္တရာယ်ရှိလို့ ဗုံးခိုကျင်းတူးပြီးနေကြဖို့ သတိပေးထားတာရှိတယ်။ ဗုံးခိုကျင်းတူးထားတဲ့ ပြည်သူတွေက လေကြောင်းလာတော့ လွတ်ကြတယ်။ မတူးထားတဲ့သူတွေက ထိကြတာ။ ဗုံးက သူတို့ပေါ်ထိတာ မဟုတ်ဘူး။ (ဗုံး)ကျတော့ အစတွေလာမှန်တာ။ ဗုံးက အလုံးရေများတော့ မလွတ်တော့တာ”လို့ လက်ပံတန်းမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးစထိမှန်လို့ အသက် ၁၅ နှစ်ကနေ ၂၀ကြား အမျိုးသား ၄ ဦးသေဆုံးပြီး အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အသက် ၂၀ ကနေ ၄၀ ကြားအမျိုးသား ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူနေအိမ် ၄ လုံးနဲ့ တဲတိုက် ၅ လုံးထက်မနည်းပျက်စီးခဲ့ပြီး ဗုံးကြဲခံရပြီးနောက် တဲတိုက်တွေမှာနေထိုင်တဲ့ ဒေသခံ ၁၀၀ ဝန်းကျင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက်ကလည်း နတ်တလင်းမြို့နယ်ထဲက ကျောက်ခွက်၊ ကျွန်းလေးပင်၊ မကျီးပင်ကျေးရွာတွေကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦးသေ ၃ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၄၀ နီးပါး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။