■ နေအိမ် ၅၀၀ ထက်မနည်း ပျက်စီးပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ
မြေလတ်အသံ၊ ဧပြီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်ထဲကကျေရွာတွေကို စစ်ကော်မရှင်တပ်ကအင်အားသုံး စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၆၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ မတ်လ ပထမပတ်ကနေ ဧပြီ ၂၂ ရက်အတွင်း ယင်းမာပင်မြို့နယ်ထဲက ရွာ ၆ ရွာ ကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“မီးရှို့ခံရတဲ့ ရွာတွေလည်းမနည်းဘူး၊ လယ်ငေါက်တို့ တမာပင်ခွတို့ဆို ရွာကြီးတွေပဲ၊ လည်ငေါက်ဆို ရွာလုံးကျွတ် နီးနီးပဲ၊ အရင်တခါကလည်း ရှို့ခံထားရတာ၊ စစ်ရှောင်ရတဲ့ ရွာကလည်း ၃၀ ကျော်လောက် ရှိမှာ၊ ၂ မြို့နယ်စလုံး ရှောင်နေရတာပဲ။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဧပြီ ၁၂ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၉ ရက်တွေမှာ ယင်းမာပင်မြို့နယ်ထဲက လည်ငေါက်၊ တမာပင်ခွ၊ အေးကုန်း၊ ငါးမောင်း၊ ဗြဟ္မဒက်နဲ့ လက်တောင်းငယ် ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်းအိမ်ခြေ ၅၀၀ ထက်မနည်း ပျက်စီးနိုင်တယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် ပုလဲမြို့နယ်၊ အလယ်ဘုံ၊ ချောင်းကန်နဲ့ ရိုးရွာက သက်လတ်ပိုင်း အမျိုးသား ၃ ဦးကိုလည်း ဧပြီ ၁၀ ရက်မှာ အဆိုပါစစ်ကြောင်းက သတ်ဖြတ်ခုတ်ထစ်ပြီး ချောင်းကန်ရွာမှာ ထားခဲ့သေးတယ်လို့ ပုလဲမြို့နယ်ဒေသခံတွေဆီ သိရပါတယ်။
ဒါ့အပြင် စစ်ကြောင်းဟာ ဧပြီ ၁၂ ရက်မှာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာအနီးကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

“(ဧပြီ ၂၀) ဒီနေ့မှ ရွာနားကပ်ရင်း ရွာအနောက်ဖက်က ၂ လောင်းတွေ့ခဲ့တာ၊ ရေမြောင်းတွေထဲဆိုတော့ ပိန်းရွက်တွေနဲ့ ရှုပ်နေတာ၊ အဲဒီထဲ ပစ်ထားခဲ့တာ၊ ထပ်ရှိဦးမယ်ထင်တယ်၊ အလောင်းတွေတောင် ပြန်သယ်မသွားကြဘူး။” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကြောင်းထိုးမီးရှို့နေ့စဥ်အတွင်းမှာလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခကနေ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ပုလဲမြို့နယ်က ရင်ပေါင်တိုင်၊ ပုထိုးသာအပါ အနီးဝန်းကျင်ရွာတွေနဲ့ ယင်းမာပင်မြို့နယ်က တမာပင်ခွ၊ လည်ငေါက်၊ သရက်ကန်၊ ငါးမောင်း၊ အေးကုန်း၊ လက်တောင်းငယ်၊ ဇီးတောတောင်ရွာ၊ ဇီးတောမြောက်ရွာ၊ ဗြဟ္မဒက်၊ ဆင်တဲ၊ ဆင်စွယ်၊ ဝါးရုံ စတဲ့ရွာတွေအပါ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၂ သောင်းထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
လက်ရှိမှာ အဆိုပါအင်အား ၆၀၀ ဝန်းကျင်ပါစစ်ကြောင်းထဲက တချို့ကတော့ ဧပြီ ၂၁ ရက်မနေ့ကည ၇ နာရီမှာ ပုလဲမြို့နယ်၊ ရင်ပေါင်တိုင်ရွာကနေ ယင်းမာပင်မြို့ထဲကို စစ်ယာဥ်တန်းနဲ့ပြန်ခွဲထွက်သွားတယ်လို့ သိရပြီး ကျန်တပ်ဖွဲ့ဝင်တွေကတော့ ရင်ပေါင်တိုင်ရွာနဲ့ ဆင်စွယ်ရွာမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း