မကွေး၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar – BWM က ထုတ်ပြန်လာပါတယ်။
ညနေ ၄ နာရီ ၂၀ မိနစ်ကစတင်ကာ ကပစ ၂၁ တပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်ရာ ၇ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကပစ ၂၁ ဟာ စစ်ကောင်စီရဲ့ ပေါင် ၂၅၀၊ ၅၀၀ ဗုံးသီးတွေ၊ Cluster ဗုံးသီးတွေအပါအဝင် တိုက်လေယာဉ်သုံးဗုံးသီးအမျိုးမျိုးကို ထုတ်လုပ်နေတာကြောင့် လေတပ်ဆက်စပ်ပစ်မှတ်နဲ့ အရေးပါတဲ့အကြီးစားစစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး BWM Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM ရဲ့ဦးဆောင်မှုနဲ့ Eagle Brigade (ANyar Eagle)၊ No More Dictatorship-NMD၊ Shadow (Mandalay) နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်မှုရှိတယ်လို့ ကနဦးသိထားရပြီး အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ဒီမနက် ၁ နာရီလောက်မှာလည်း ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။