မြင်းခြံမှာ စစ်တပ်ကဗုံးကြဲပစ်ခတ်လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၈ ဦးပျောက်ဆုံးနေ

0 4
0 4

မြင်းခြံ၊ ဧပြီ ၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံးဒေသခံ ၄ ဦးသေဆုံးပြီး နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ ဖက်ပင်အိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ဧပြီ ၂ ရက်မနက် ၇ နာရီခန့်မှာ ဆုံရွာကထွက်လာတဲ့ စစ်ကော်ရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ဟာ ရွာထဲကိုဝင်ရောက်လာပြီးနောက် လက်နက်ငယ်တွေနဲ့ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“ရွာထဲဝင်ချိန် ပစ်ဖောက်ပြီးဝင်တော့ ထွက်ပြေးတဲ့သူတွေကို စီးပစ်တာ။ အဲ့ဒါပြီးတော့ ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေလျှောက်ချတော့ မီးလောင်တယ်။ မဲမဲမြင်ရာအကုန် ဒရုန်းလိုက်ချနေတာ။ မနေ့က (ဧပြီ ၁)နေ့လယ်က ရွာထဲဝင်ပြီး ဘုန်းကြီးကျောင်းထဲညအိပ်ခဲ့ပြီး ဘာမှမလုပ်ဘဲထွက်သွားပြီးမှ ပြန်ဝင်လာပြီးလုပ်တာ”လို့ ဖက်ပင်အိုင်တိုက်နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကြောင်းဝင်ပစ်ခတ်တာကြောင့် အသက် ၁၈ ကနေ ၆၀ ကြား အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၁ ဦး အလောင်းတွေ့ထားကာ ၈ ဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒရုန်းဗုံးကြဲချိန် မီးလောင်လို့ အိမ်ခြေ ၁၀၀ ထက်မနည်းမီးလောင်ခဲ့ပြီး နောက်ထပ် သေဆုံးသူတွေလည်းရှိနိုင်ကာ ဧပြီ ၃ ရက် ဒီမနက်ပိုင်းထိ စစ်ကြောင်းက ဖက်ပင်အိုင်ရွာအနီးဝန်းကျင်မှာရှိနေသေးတဲ့အတွက် သေဆုံးသူတွေနဲ့ မီးလောင်ပျက်စီးမှု အခြေနေတွေကို အသေးစိတ်မစိစစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဖက်ပက်အိုင်ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လ ၈ ရက်ကနေ ၁၀ ရက်အတွင်း မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာ၊ သင်္ဘောတင်ကျေးရွာ၊ တောင်ကျွန်းရွာနဲ့မြောက်ကျွန်းကျေးရွာတွေကို စစ်ကော်မရှင်ဘက်က စစ်ကြောင်းဝင်မီးရှို့လို့ အိမ်ခြေ ၉၀၀ ခန့်မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။