သဲကုန်း၊ မတ် ၂၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ညောင်ဝင်းကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်မှာ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၀ အရွယ် ဦးဇော်မင်း ခ ကုလားဆိုသူဖြစ်ပြီး မတ် ၂၅ ရက်နေ့လယ် ၂ နာရီခန့်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“နေအိမ်ထဲဝင်ပြီး ၃ ချက်ပစ်ခဲ့တာ။ ပြန်ခုခံချိန်တော့မရဘူး။ မြို့နဲ့လည်းနီးနေတော့အမြန်ပစ်ပြီး ပြန်ထွက်လာရတယ် ဘာမှမရလိုက်ဘူး။ မိသားစုဝင်တွေရှိပေမယ့် မဆိုင်တဲ့သူကိုဘာမှမလုပ်ခဲ့ဘူး”လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow ကပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခံရတာကြောင့် နေရာမှာတင်သေဆုံးခဲ့ပြီးနောက်မှာ စစ်ကော်မရှင်အဖွဲ့တွေက လာရောက်စစ်ဆေးပြီး အလောင်းကိုသယ်သွားကြတယ်လို့ ဆိုပါတယ်။
အူပ်ချုပ်ရေးမှူး ဇော်မင်း (ခ) ကုလားဟာ ၂၀၂၅ မှာ အုပ်ချုပ်ရေးမှူးဖြစ်လာပြီး သားဖြစ်သူကလည်း သဲကုန်းရဲစခန်းက နယ်ထိန်းဖြစ်တာကြောင့် ညောင်ဝင်းအုပ်စုအတွင်း ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေး ကောက်ခံတာ၊ ရွာသားတွေကိုခြိမ်းခြောက်တာတွေ ပြုလုပ်တဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ “ရွာသားတွေကြေညာလိုက် ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့အုပ်ချုပ်ရေးမှူးလုပ်နေတာ” လို့လည်း ပြောဆိုကြိမ်းဝါးတတ်တယ်လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow က ဆက်ပြောပါတယ်။
ဒီပစ်ခတ်မှုကို ပြည်ခရိုင်တပ်ရင်း ၁ တပ်ရင်းရုံး တိုက်ခိုက်ရေးအဖွဲ့ တပ်ခွဲ ၁ နဲ့ ပြည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မတ်လ ၈ ရက်ကလည်း သဲကုန်းမြို့နယ်၊ ကြို့ပင်သာရွာနေ အုပ်ချုပ်ရေးမှူး ခင်စိုး နေအိမ်မှာပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း